ယူနိုက်တက်မှာ အကျော်ကြားဆုံးဖြစ်နေချိန် ဒဏ်ရာရပြီး ကစားသမားဘ၀ နစ်မြုပ်ခဲ့ရပါတယ်။

၂၀၀၆ ခုနှစ်၊ အက်ဖ်အေဖလားကွာတားဖိုင်နယ်ပွဲစဉ်။ အန်ဖီးလ်မှာ လီဗာပူးလ်နဲ့ ယူနိုက်တက်တို့ ထိပ်တိုက်တွေ့နေတဲ့ပွဲ။ လီဗာပူးလ်နောက်ခံလူ ရစ္စက အလွတ်တည်ကန်ဘောကို ကန်သွင်းဖို့အတွက် ဟန်ပြင်နေပြီး ယူနိုက်တက်ကစားသမားတွေက Wall ကာဖို့အတွက် နေသားတကျဖြစ်နေပြီ။ ဒိုင်လူကြီးက အချက်ပြလိုက်ချိန်မှာတော့ ရစ္စက သူ့ထုံးစံအတိုင်း Power အပြည့်ပါတဲ့ ကန်သွင်းချက်နဲ့ ဂိုးပေါက်ကို ပစ်မှတ်ထားပြီး ကန်သွင်းလိုက်ပါတယ်။ ဒီအချိန်မှာပဲ ယူနိုက်တက်ရဲ့ ခံစစ်တံတိုင်းကနေ အလန်စမစ် ပြေးထွက်လာပြီး ရစ္စရဲ့ ကန်ချက်ကို ဟန့်တားဖို့ ကြိုးစားချိန်မှာ ဘောလုံးနဲ့ ထိခဲ့ပြီးနောက် ပစ်လဲကျသွားပါတော့တယ်။ 

အဲဒီနောက်တော့ စမစ်တယောက် ကွင်းပေါ်က ပြန်မထနိုင်တော့။ ရစ္စရဲ့ ပြင်းထန်တဲ့ကန်ချက်၊ သူ့ရဲ့ အရှိန်အဟုန်နဲ့ ပြေးဝင်တားဆီးမှုနှစ်ခု ပေါင်းဆုံပြီး အလန်စမစ်တယောက် ခြေကျင်းဝတ်အဆစ်လွဲခဲ့သလို ခြေထောက်ပါကျိုးတဲ့အထိ ဒဏ်ရာအအပြင်းအထန်ရသွားပါပြီ။ ယူနိုက်တက်အသင်းဖော်တဦးက သူ့ကို ဆွဲမထူဖို့ ကြိုးစားပေမယ့် စမစ်ကတော့ ဘယ်လိုမှမထနိုင်တော့။ သူ့အခြေအနေကို သူ သိနေပြီ။ ခြေထောက်ကျိုးသွားပြီ၊ ခြေကျင်းဝတ်က လည်ထွက်သွားပြီ။ အသင်းဆရာဝန်တွေ လာစစ်ဆေးပြီးနောက်မှာတော့ သူဆက်မကန်နိုင်တော့တာ

သေချာခဲ့လို့ ထမ်းစင်နဲ့ခေါ်ထုတ်ပြီး ဆေးရုံကို ချက်ချင်းပို့ဆောင်ပေးလိုက်ရပါတော့တယ်။ 

"ကျနော့်အတွက်တော့ အဆိုးဝါးဆုံး အမှတ်ရနေမှုပဲ၊ ကျနော်က အလွတ်တည်ကန်ဘော ကန်သွင်းတယ်၊ သူက ပိတ်ဖို့လုပ်ခဲ့တယ်၊ ပြိုင်ဘက်ကစားသမားဟုတ်ဟုတ်၊မဟုတ်ဟုတ် ဒီလိုမြင်ကွင်းမျိုးကိုတော့ ကျနော်မတွေ့ချင်ဘူး၊ ပုဂ္ဂိုလ်ရေးအရတော့ ကျနော်ကြုံဖူးသမျှမှာ အဆိုးဆုံးပဲဗျာ၊ သူ့အနားကို ကျနော်သွားကြည့်တော့ ခြေဖဝါးက တွဲလောင်းကျနေပြီ၊ ခင်​ဗျား ဖျားပါဖျားသွားမယ်၊ အရမ်းကြောက်စရာကောင်းတယ်" လို့ ရစ္စက နောင်တချိန်မှာ ပြန်ပြောပြခဲ့ပါတယ်။ 

"ပွဲပြီးသွားတော့ ကျနော်အဝတ်လဲခန်းထဲဝင် ရေချိုးပြီးတော့ ကျနော့်ကားထဲကနေ သူ့ဆီကို ဖုန်းခေါ်ခဲ့ပြီး ဖြစ်ခဲ့တာတွေကို ပြန်ပြီးတော့ ပြောဖြစ်တယ်၊ ရည်ရွယ်ချက်ရှိရှိလုပ်တာမဟုတ်ဘူးဆိုတာ သူ သိပါတယ်၊ ဒါပေမယ့် ကျနော်စိတ်မကောင်းဖြစ်နေတယ်ဆိုတာကို သူသိစေချင်လို့ သူ့ဖုန်းနံပါတ်ကိုရပြီးတာနဲ့ ချက်ချင်းဆက်ခဲ့တာပါ" လို့ ရစ္စက ထပ်ပြောခဲ့ပါတယ်။ 

အလန်စမစ်က အဲဒီအချိန်မှာ ယူနိုက်တက်အတွက် ခြေစွမ်းပြနေတာပါ။ ကွင်းလယ်နေရာမှာ သူ့ကို ဖာဂူဆန်က ပြောင်းကစားစေခဲ့ပြီး သူကလည်း ခြေစွမ်းပြနေတဲ့အချိန်ပါ။ လိဒ်ယူနိုက်တက်မှာကတည်းက နာမည်ကျော်ခဲ့တဲ့ စမစ်က ယူနိုက်တက်ကို အရောက်မှာ ပိုပြီးတော့ ခြေစွမ်းပြလာ၊ နာမည်ရလာတဲ့အချိန်မှာ ကံဆိုးမိုးမှောင်ကျခဲ့တာပါပဲ။ အလန်စမစ်ရဲ့ သွေးပျက်ဖွယ်ရာအဖြစ်အပျက်က ကွင်းထဲက ကစားသမားတွေတင်မဟုတ်ဘဲ ပရိသတ်တွေကိုပါ ထိတ်လန့်ချောက်ချားစေခဲ့တဲ့အထိပါပဲ။ ဒီဒဏ်ရာအကျိုးဆက်နဲ့ပဲ အလန်စမစ်တယောက်

ယူနိုက်တက်ကနေ ပြန်ထွက်ခွာလာခဲ့ရပြီး လက်ကျန်ကစားသမားဘ၀တွေကို ခက်ခက်ခဲခဲဖြတ်သန်းခဲ့ရပါတော့တယ်။ 

"ဒဏ်ရာရပြီးတဲ့နောက်မှာ ကျနော် ပြန်ကောင်းလာဖို့ နေ့တိုင်းလေ့ကျင့်နေခဲ့တာပဲ၊ ဒါပေမယ့် အရင်က အေးအေးဆေးဆေးဖြစ်ခဲ့တဲ့ အခြေအနေတွေကိုတောင် ကျနော် မလုပ်နိုင်ခဲ့တော့ဘူး၊ အိပ်ယာကထပြီးရင် လမ်းကောင်းကောင်းမလျှောက်နိုင်ဘဲ ခြေကျင်းဝတ်က တောင့်ပြီး လိုသလိုလုပ်လို့မရခဲ့ဘူး၊ ကျနော့်ကို ဘောလုံးဆက်မကစားဖို့ အကြံပေးတာတွေရှိတယ်၊ ထိပ်တန်းကစားသမားတဦးအနေနဲ့ မင်းကို အားလုံးက အမှတ်ရနေလိမ့်မယ်လို့ သူတို့ ပြောပေမယ့် ကျနော်လက်မခံခဲ့ဘူး၊ ဘောလုံးကစားရတာကို ကျနော်မစွန့်လွှတ်နိုင်ဘူး၊ ကျနော့်ကို အဲဒီလိုတွေ မှတ်မိနေမှာထက် ကျနော်ကစားနေတာကိုပဲ သူတို့ကို မြင်စေချင်တယ်" လို့ အလန်စမစ်က ပြောခဲ့ဖူးပါတယ်။ 

"ဒီအတွက်လည်း ကျနော်နောင်တမရဘူး၊ လွယ်ကူတဲ့အရာကို ရွေးချယ်ပြီး ကျနော်အနားယူလိုက်လို့ရပေမယ့် ဘောလုံးအသင်းတွေမှာ ကျနော်ရုန်းကန်ခဲ့ရတာတွေကို ကျေနပ်တယ်၊ မှန်ကန်တဲ့ဆုံးဖြတ်ချက်လို့လည်း ကျနော်ယုံတယ်" လို့ Mirror နဲ့ အင်တာဗျူးမှာ စမစ်က ပြောခဲ့ပါတယ်။ အခုဆိုရင် အလန်စမစ်က အသက် ၄၁ နှစ်အရွယ်ရှိနေပါပြီ။ သူ့ရဲ့ ကစားသမားဘ၀အစောပိုင်းက အရမ်းတောက်ပခဲ့တာပါ။ လိဒ်ယူနိုက်တက်၊ မန်ချက်စတာယူနိုက်တက်အသင်းတွေမှာ အကျော်ကြားဆုံးဖြစ်ခဲ့ပြီးမှ ပြင်းထန်တဲ့ ကန်ချက်တခုနဲ့ သူ့ကစားသမားဘ၀ကို ယုတ်လျော့စေခဲ့တာပါ။ နယူးကာဆယ်၊ အမ်ကေဒွန်း၊ နော့စ်ကောင်တီတွေမှ သူ ဆက်ကစားခဲ့ပေမယ့် အရင်လိုမျိုးတော့ သူမဟုတ်ခဲ့တော့ပါဘူး။ 

ရွှေအိုရောင်ဆံပင်ကို ထောင်ထားတဲ့ပုံစံ၊ ခပ်ညစ်ညစ်၊ဂျစ်ကန်ကန်နဲ့ ကောင်လေးတယောက်ရဲ့ ကစားဟန်နဲ့ ရုပ်ရည်က အမျိုးသမီးပရိသတ်တွေကိုပါ ဖမ်းစားနိုင်ခဲ့တာပါ။ အသင်းအတွက်ဆိုရင် အရိုးကျေကျေ၊ အရေခမ်းခမ်းပေးဆပ်တယ်ဆိုတာက အလန်စမစ်လို ကစားသမားမျိုးပါပဲ။ ခြေထောက်ကျိုးတဲ့အထိကို စိတ်ရောကိုယ်ပါနှစ်ပြီး ပေးဆပ်ကစားခဲ့တဲ့သူတွေထဲမှာ စမစ်က ထိပ်ဆုံးတန်းကနေ ပါဝင်နေမယ့်သူမျိုးပါ။ ဒါကြောင့်လည်း အခွင့်အခါသင့်တိုင်းမှာ ပရိသတ်တွေက သူ့ကိုသတိရနေဆဲပါပဲ။ အကြောင်းတိုက်ဆိုင်တိုင်းမှာ သူ့အကြောင်းကို ပြောနေကြတုန်းပါ။ ဒီလိုနဲ့ပဲ ဘောလုံးကြယ်ပွင့်တပွင့်က ပြင်းထန်အားပါလွန်းတဲ့ ကန်ချက်ကို ဟန့်တားဖို့ ကြိုးစားရင်း သူ့ရဲ့ကစားသမားဘ၀ကို ဆုံးရှုံးခဲ့ဖူးပါတယ်။ 

Share

Loading Next Article...
က္က