ဒီကနေ့ည အစောပိုင်းမှာ ယှဥ်ပြိုင်ကစားသွားတဲ့ ယူနိုက်တက်နဲ့လီဗာပူးတို့ပွဲမှာတော့ ယူနိုက်တက်က လီဗာပူးကို လေးဂိုးပြတ်နဲ့အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲမှာ လီဗာပူးတို့ ဂိုးပြတ်ရှုံးတာအပြင် နောက်ထပ်ပြောစရာဖြစ်ခဲ့တာကတော့ တိုက်စစ်မှူးသစ် ဒါဝင်နူနက်ဇ်ရဲ့ အပိုင်အခွင့်အရေး လွဲချော်မှုပဲဖြစ်ပါတယ်။
ဒါဝင်နူနက်ဇ်ဟာ ပွဲထွက်ကစားသမားစာရင်းမှာ မပါဝင်ခဲ့ပေမယ့် ဒုတိယပိုင်းမိနစ် (၆၀) မှာတော့ ဆာလာ၊ အာနိုးလ်တို့လို အသင်းကြီးလူစာရင်းက ကစားသမားအများအပြားနဲ့အတူ လူစားဝင်ကစားခွင့်ရရှိခဲ့ပါတယ်။ ကွင်းထဲရောက်ပြီး မကြာခင်မှာပဲ နူနက်ဇ်ရဲ့ ထောင့်ဖြတ်ကန်ချက်ကို ယူနိုက်တက်ရဲ့ လူစားဝင်ဂိုးသမား တွမ်ဟီတန် လက်စွမ်းပြ ကာကွယ်ခဲ့ရပါတယ်။
ဒါပေမယ့် အဲ့ဒီနောက် ထပ်မံရရှိတဲ့ အခွင့်အရေးကိုတော့ နူနက်ဇ်တယောက် ရုပ်ပျက်ဆင်းပျက် လွဲချော်ခဲ့တာပါ။ ဆာလာရဲ့ ကန်ချက်က တိုင်ထိပြီးထွက်လာတာကို နူနက်ဇ်က ဂိုးရှေ့ကနေ အပိုင်အဆုံးသတ်ခွင့်ရရှိခဲ့ပေမယ့် အံ့အားသင့်ဖွယ်ကောင်းလောက်အောင်ကို မိုးပေါ်ထောင်တက်သွားခဲ့တာဖြစ်ပါတယ်။ ဒီအချိန်က လေးဂိုးပြတ်ရှုံးနေချိန်ဖြစ်ပြီး လီဗာပူးအတွက် သိက္ခာဆယ် သွင်းဂိုးတဂိုးရဖို့ အကောင်းဆုံး အခွင့်အရေးဖြစ်ခဲ့တာပါ။
လီဗာပူးပရိသတ်တွေလည်း သေချာပေါက် ဂိုးရပြီလို့ ထင်မှတ်ခဲ့ကြပေမယ့် အဲရစ်ဘာယီ လိုက်လံဟန့်တားနေတဲ့ကြားကနေပဲ နူနက်ဇ်က အခုလိုမျိုး အံ့အ့ားသင့်ဖွယ် လွဲချော်ခဲ့ရတာပါ။ ပရိသတ်တွေကတော့ ပေါင်သန်း (၁၀၀) တန် တိုက်စစ်မှူးသစ်ကြီးရဲ့ အဆုံးသတ်စွမ်းရည်ကို လှောင်ပြောင်နေကြပါတယ်။
နူနက်ဇ်အတွက်လည်း အသင်းသစ်နဲ့ ပထမဆုံးပွဲမှာ ဂိုးသွင်းယူနိုင်မယ့် အခွင့်အရေးတခုကို လွဲချော်ခဲ့ရတာဖြစ်ပြီး အသင်းအတွက်ရော၊ သူ့အတွက်ရော နစ်နာခဲ့ရပါတယ်။ ဒီပွဲမှာ ယူနိုက်တက်အတွက် ဆန်ချို၊ ဖရက်ဒ်၊ မာရှယ်လ်၊ ပယ်လစ်စထရီတို့က ဂိုးတွေ သွင်းယူပေးနိုင်ခဲ့ပါတယ်။