ယူကရိန်းနာမည်ကျော်ကလပ်ရှက်တာဒိုးနတ်အသင်းဟာ ရုရှားရဲ့ကျုးကျော်မှုကို ခံနေရစဉ်အတွင်း ဘောလုံးကွင်းတခုကို ဒုက္ခသည်တွေကို ခိုလှုံရာနေရာအဖြစ် လက်ခံသွားမယ်လို့ ကြေညာလိုက်ပါတယ်။ Arena Lviv ကွင်းကို လူပေါင်း ၂၀၀၀ နဲ့ ၃၀၀၀ အတွင်း နေထိုင်ရမယ့် အနေအထားကို ပြုပြင်ကာ လုံခြုံစိတ်ချရတဲ့ ခိုလှုံရာနေရာတခုအဖြစ် ပြောင်းလဲနေတာလည်းဖြစ်ပါတယ်။
အဆိုပါကွင်းကတော့ ပရိသတ်ပေါင်း ၃၅၀၀၀ နီးပါး ဝင်ဆံ့တာဖြစ်ပါတယ်။ လက်ရှိမှာ FC Lviv နဲ့ Rukh Lviv နှစ်သင်းက အသုံးပြုနေခဲ့တာဖြစ်ပြီး ဒွန်းဘတ်စ်ဒေသရဲ့ ပထမဆုံးပဋိပက္ခဖြစ်ပွားစဉ်ကာလက ရှက်တာဒိုးနတ်က သူတိုရဲ့အိမ်ကွင်းအဖြစ် ၂ နှစ်ကြာအသုံးပြုခဲ့တဲ့ ကွင်းလည်းဖြစ်တယ်လို့ Daily Mail က ဆိုပါတယ်။
ပူတင်ရဲ့ကျူးကျော်မှုကြောင့် ယူကရိန်းမှာ စစ်ဘေးဒုက္ခသည်ပေါင်း ၂.၄ သန်းအထိ ရှိလာခဲ့ပြီလို့ ကုလဒုက္ခသည်များဆိုင်ရာအေဂျင်စီရဲ့ အစီရင်ခံစာအရ သိရပါတယ်။ ရှက်တာဒိုးနတ်အသင်းရဲ့ ဆက်သွယ်ပြောဆိုမှုတာဝန်ခံဒါရိုက်တာ Yuri Sviridov က "ဒီမှာ ကျနော်တို့ ကူညီနိုင်ဖို့ ကြိုးစားနေပါတယ်၊ Lviv မှာ ယူရို ၂၀၁၂ တုန်းက အသုံးပြုခဲ့တဲ့ ဒီကွင်းကြီးကို ခိုလှုံရာတခုအဖြစ် ကျနော်တို့ စုစည်းလိုက်ပါတယ်"
"ဒီကွင်းမှာလည်း ကျနော်တို့ အရင်တုန်းက ချန်ပီယံလိဂ်ပွဲတွေကစးခဲ့ပါတယ်၊ ဒေသအာဏာပိုင်တွေနဲ့ ပူပေါင်းပြီးတော့ လူပေါင်း ၂၀၀၀၊ ၃၀၀၀ လောက်နေထိုင်လို့ရမယ့် နေရာအဖြစ် စီစဉ်နေတာပါ၊ တခြားကလပ်တွေအနေနဲ့လည်း ပူးပေါင်းချင်တာ ဒါမှမဟုတ် တခုခုပို့ပေးချင်တာရှိရင်လည်း စောင်တွေ၊ ဖျာတွေ၊ အိပ်ယာခင်းတွေ၊ ခေါင်းအုံးတွေ ပို့ပေးလို့ရပါတယ်၊ အဒါတွေက အရမ်းလိုအပ်နေတာပါ" လို့ ပြောဆိုခဲ့ပါတယ်။
"ဘင်ဖီကာကတော့ ထရပ်ကားငါးစီးအပြည့်နဲ့ စားစရာတွေ၊ ဆေးဝါးနဲ့ အဝတ်အစားတွေပို့ပေးခဲ့ပါတယ်၊ ကျနော်တို့အသင်းဝန်ထမ်းတွေကလည်း စေတနာ့ဝန်ထမ်းအဖြစ် ကွင်းထဲမှာ တာဝန်ယူပေးနေပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။ Lviv မြို့တော့ ပိုလန်နယ်စပ်နဲ့ ၉၀ ကီလိုမီတာဝေးကွာပြီး ယူရို ၂၀၁၂ ကို ပိုလန်-ယူကရိန်း ပူးတွဲအိမ်ရှင်ကျင်းပတွေက ပွဲစဉ်တွေ လက်ခံကျင်းပခဲ့ရာကွင်းဖြစ်ပါတယ်။