မက်ဆီအတွက်ကတော့ အားလုံးပြီးပြည့်စုံသွားပါပြီ။

အင်တာမိုင်ယာမီနဲ့ အာဂျင်တီးနား လက်ရွေးစင်ကစားသမားကြီး မက်ဆီက သူ့အနေနဲ့ ဘောလုံးလောကမှာ နောက်ထပ်အိပ်မက်တစ်ခုဆိုတာမျိုး မရှိတော့ကြောင်းနဲ့ ကစားသမားဘဝမှာ အရာအားလုံးကို ဆွတ်ခူးပြီးဖြစ်တဲ့အကြောင်း ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။ မက်ဆီဟာ ဘောလုံးသမိုင်းတစ်လျှောက် အအောင်မြင်ဆုံး ကစားသမားဖြစ်ခဲ့တာပါ။



ကစားသမားဘဝအစောပိုင်းကတည်းက ဘာစီလိုနာနဲ့အတူ ဆွတ်ခူးနိုင်သမျှ ဆုဖလားအားလုံးကို ဆွတ်ခူးနိုင်ခဲ့ပြီးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အစောပိုင်းမှာ လက်ရွေးစင်အသင်းနဲ့အတူ အောင်မြင်မှု ရရှိဖို့ ရုန်းကန်ခဲ့ရပေမယ့် အခုချိန်မှာတော့ အာဂျင်တီးနားနဲ့လည်း ဆုဖလားအားလုံးကို သိမ်းပိုက်ခဲ့ပြီးဖြစ်ပါတယ်။

မက်ဆီဟာ အာဂျင်တီးနားနဲ့အတူ ကိုပါအမေရိကဖလား၊ ပြီးခဲ့တဲ့ (၂၀၂၂) ကမ္ဘာ့ဖလားချန်ပီယံဆုတို့ကို ဆွတ်ခူးနိုင်ခဲ့တာပါ။ အဲ့ဒီနောက်မှာတော့ သူ့ရဲ့ ကစားသမားဘဝက အရာအားလုံး ပြီးပြည့်စုံသွားခဲ့ပြီး ဒါကိုလည်း ပရိသတ်တွေက လက်ခံခဲ့ရပါတယ်။

ဘောလုံးလောကမှာ နောက်ထပ်အိပ်မက်တစ်ခုရှိဦးမလားဆိုတဲ့ မေးခွန်းအပေါ် မက်ဆီက “အခြားသော အိပ်မက်တစ်ခုလား? ကျွန်တော် မသိပါဘူး။ အားကစားအဆင့်အတန်းတစ်ခုမှာတော့ ကျွန်တော် အရင်က ပြောခဲ့ဖူးသလိုပါပဲ။​ ကျွန်တော့်ရဲ့ ကစားသမားဘဝမှာ ကျွန်တော်က အရာအားလုံးကို ဆွတ်ခူးနိုင်ခဲ့တဲ့အထိ ကံကောင်းခဲ့ပါတယ်”

“အိပ်မက်တွေအားလုံးကို အကောင်အထည်ဖော်ဖို့အထိရောပေါ့” လို့ ပြောကြားသွားခဲ့ပါတယ်။ မက်ဆီဟာ လက်ရှိအချိန်အထိလည်း အာဂျင်တီးနားလက်ရွေးစင်အသင်းကနေ အနားယူခြင်းမရှိသေးသလို အင်တာမိုင်ယာမီမှာလည်း ဆက်လက်ကစားနေဆဲဖြစ်ပါတယ်။

Share

Loading Next Article...
က္က