သူ့ရဲ့နေထိုင်စားသောက်ပုံ၊ လေ့ကျင့်ပုံတွေအကြောင်းကို ရော်နယ်ဒိုက ပြောပြခဲ့တာပါ။

ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုက သူ့ရဲ့ ခန္ဓာကိုယ်က ကြွက်သားထုထည်တွေကို ဘယ်လိုမျိုးတည်ဆောက်ခဲ့ရလဲဆိုတဲ့အပေါ် ဖွင့်ဟပြောကြားလာပါတယ်။ ဒီကစားသမားဟာ နွေရာသီအားလပ်ရက်မှာ အနားယူအပန်းဖြေနေရင်းနဲ့တောင် ခန္ဓာကိုယ်အနေအထား နည်းနည်းလေး မပျက်သွားအောင် ထိန်းသိမ်းထားနိုင်ဆဲပါ။



အသက် (၃၇) နှစ်အရွယ် ရော်နယ်ဒိုက တောင်းဆိုမှုများပြားတဲ့ ပရီးမီးယားလိဂ်လိုပြိုင်ပွဲမျိုးမှာတောင် ပြီးခဲ့တဲ့ရာသီက အကောင်းဆုံးခြေစွမ်းပြခဲ့ပြီး လာမယ့်ရာသီသစ်အတွက်လည်း စတင်ပြင်ဆင်နေပါပြီ။ ဒီလိုမျိုး ကြွက်သားတွေ၊ ကြံ့ခိုင်မှုတွေနဲ့ပတ်သက်လို့ ရော်နယ်ဒိုက “ကျနော်တို့ လေ့ကျင့်ရေးကွင်းမှာ သွေးပူလေ့ကျင့်ခန်း၊ အကြောလျှော့လေ့ကျင့်ခန်းတွေ လုပ်ရပါတယ်”

“ခင်ဗျားအနေနဲ့ အားကစားခန်းမထဲမှာ သီးသန့်လေ့ကျင့်ခန်းလုပ်မယ်ဆိုရင်တောင် လေ့ကျင့်ရေးကွင်းမှာ လုပ်တဲ့အတိုင်း တူညီအောင် သေချာပေါက်လုပ်ရပါမယ်။ ကျနော်တို့ လေ့ကျင့်ခန်းဆင်းတဲ့အခါမှာ အပြေးလေ့ကျင့်ခန်းတွေ အများကြီးလုပ်ရပါတယ်။ ဒီလိုလေ့ကျင့်ခန်းက အပြင်မှာပဲလုပ်လုပ်၊ အားကစားခန်းမထဲမှာပဲ လုပ်လုပ် အဆင်ပြေပါတယ်”

“တတ်နိုင်သလောက် လေ့ကျင့်ခန်းလုပ်ဖို့ လိုအပ်ပါတယ်။ ခင်ဗျား အိပ်ရာနိုးတဲ့အခါ ဒါမှမဟုတ် အိပ်ခါနီးအချိန်တွေမှာ ခင်ဗျားအနေနဲ့ ဝမ်းဗိုက်ကြွက်သားတွေအတွက် လေ့ကျင့်ခန်းလုပ်လို့ရပါတယ်။ ပုံမှန်အတိုင်း လုပ်လာပြီဆိုရင် ခင်ဗျားအတွက် အကျင့်ဖြစ်သွားမှာပါ။ ကောင်းမွန်တဲ့လေ့ကျင့်ခန်းကို ကောင်းမွန်တဲ့ အစားအသောက်နဲ့ ပေါင်းစပ်ရပါမယ်”

“ကျနော်က ပရိုတင်းဓာတ်မြင့်မားတဲ့ အစားအစာတွေ၊ ကာဗိုဟိုက်ဒရိတ်များတဲ့ အစားအစာတွေ၊ အသီးအနှံ၊ ဟင်းသီးဟင်းရွက်တွေကို အများအပြားစားသုံးပြီး သကြားပါဝင်တဲ့ အစားအစာတွေဆိုရင်တော့ရှောင်ပါတယ်။ ခန္ဓာကိုယ်လေ့ကျင့်ခန်းတွေအတွက် ခွန်အားရှိနေဖို့ အစားကို ပုံမှန်အတိုင်း စားသောက်ဖို့ လိုအပ်ပါတယ်။ တခါတလေကျရင် ကျနော်က တနေ့ကို နည်းနည်းစီနဲ့ (၆) ကြိမ်လောက် စားတတ်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ 

Share

က္က