မက်ဆီရဲ့ပြောစကားတွေကတော့ သူ့ကိုယ်သူ နှိမ့်ချမှုအပြည့်ရှိတယ်ဆိုတာကို ပြသသွားတာပါ။

(၂၀၂၁) ဘလွန်းဒီအော်ဆုကို ပူပူနွေးနွေးရရှိထားတဲ့ မက်ဆီက သူ့အနေနဲ့ တစုံတယောက်ရဲ့ စံပြပုဂ္ဂိုလ်မဖြစ်ချင်သလို အကောင်းဆုံးကစားသမားဖြစ်ဖို့လည်း တခါမှ မကြိုးစားဖူးဘူးလို့ ပြောကြားသွားခဲ့ပါတယ်။



France Football နဲ့ သီးသန့် တွေ့ဆုံမေးမြန်းခန်းမှာ မက်ဆီက အခုလိုပဲ ပြောကြားခဲ့တာပါ။ တကမ္ဘာလုံးက ကလေးငယ်အများအပြား၊ အထူးသဖြင့် ဘောလုံးကိုချစ်မြတ်နိုးတဲ့ လူငယ်တွေဟာ မက်ဆီ၊ ရော်နယ်ဒို အစရှိသဖြင့် သူတို့ရဲ့ စံပြပုဂ္ဂိုလ်တွေကို သတ်မှတ်ထားလေ့ရှိပါတယ်။

ဒါပေမယ့် မက်ဆီကတော့ သူ့ရင်ထဲက ခံစားချက်တွေကို အခုလိုပဲ ဖွင့်ဟလာခဲ့တာပါ။ မက်ဆီက “ကျနော့်အနေနဲ့ ကိုယ့်ကိုယ်ကိုယ်စံပြပုဂ္ဂိုလ်တယောက်ဖြစ်၊ မဖြစ် မသိပါဘူး။ ကျနော်က စံပြပုဂ္ဂိုလ်မဖြစ်ချင်သလို အကြံဥာဏ်ပေးတဲ့သူလည်း မဖြစ်ချင်ပါဘူး”

“ကျနော့်အိပ်မက်တွေအတွက်ပဲ ကျနော် တိုက်ပွဲဝင်ပါမယ်။ ပထမဆုံးအနေနဲ့ ကျနော်က ပရော်ဖက်ရှင်နယ် ကစားသမားဖြစ်ချင်ခဲ့တယ်၊ အဲ့ဒီနောက် ကျနော့်ကိုယ်ကျနော် ကျော်တက်ပြီး နှစ်တိုင်းနှစ်တိုင်း ရည်မှန်းချက်အသစ်တွေကို အကောင်အထည်ဖော်ချင်ပါတယ်”

“ဒါတွေအားလုံးအတွက် အဓိကကျတာတော့ ကံတရားပါပဲ။ ဘုရားသခင်အပေါ်မှာလည်း မူတည်ပါတယ်။ ဘုရားသခင်က ကျနော့်အတွက် ဒါတွေဖြစ်လာဖို့ ရွေးချယ်ပေးခဲ့တယ်လို့ ကျနော်ယုံကြည်ပါတယ်။ ကျနော်က သမိုင်းတလျှောက် အကောင်းဆုံး ကစားသမားလို့လည်း တခါမှ မပြောဖူးပါဘူး”

“ကျနော့်အတွက်တော့ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တယောက်ဆိုရင် လုံလောက်တာထက်တောင် ပိုနေပါပြီ။ သမိုင်းမှာ အကောင်းဆုံး ကစားသမားဖြစ်ဖို့ဆိုတာ ကျနော် စိတ်ကူးတောင်မယဥ်ဖူးပါဘူး။ နားလည်မှုတွေလွဲကြလားတော့ ကျနော် မသိပါဘူး။ ကျနော့်အတွက် ဒါကအရေးမကြီးပါဘူး။ ဒီလိုဖြစ်ဖို့လည်း ကျနော် ဘယ်တုန်းကမှ မကြိုးစားဖူးပါဘူး” လို့ ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။ 

Share

က္က