ပြင်သစ်နဲ့ PSG တို့ရဲ့ တိုက်စစ်မှူးဟောင်း နီကိုးလပ်စ်အနယ်လ်ကာက PSG မှာ တစ်ပွဲကစားဖို့တောင် ရုန်းကန်နေရတဲ့ ရာမို့စ်နဲ့ ပတ်သက်လို့ သတိပေးစကားပြောကြားလိုက်ပါတယ်။ ရာမို့စ်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ ရီးရဲယ်မက်ဒရစ်ကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တဲ့ ကစားသမားပါ။
ဒါပေမယ့်လည်း ရာမို့စ်အနေနဲ့ အသင်းကိုစတင်ရောက်ရှိလာချိန်တည်းက ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရပြီး လက်ရှိအချိန်ထိ အသင်းသစ်အတွက် တစ်ပွဲမှ ကစားပေးထားခြင်းမရှိသေးပါဘူး။ အဲ့ဒါကြောင့်လည်း PSG က ရာမို့စ်နဲ့ စာချုပ်ဖျက်သိမ်းတော့မယ်လို့ သတင်းတွေထွက်ပေါ်ခဲ့သေးပြီး ဒီသတင်းကိုတော့ ရာမို့စ်ရဲ့အေးဂျင့်က ငြင်းဆန်ခဲ့ပါတယ်။
စပိန်နဲ့ရီးရဲယ်မက်ဒရစ်တို့မှာ အောင်မြင်မှုအလီလီ ဆွတ်ခူးနိုင်ခဲ့ပြီး ကမ္ဘာ့အကောင်းဆုံး နောက်ခံလူတစ်ယောက်အဖြစ်တောင် သတ်မှတ်လို့ရတဲ့ ရာမို့စ်ဟာ PSG မှာတော့ အံ့အားသင့်ဖွယ် ရုန်းကန်နေရပြီး ဒီအပေါ်မှာတော့ အနယ်လ်ကာက အခုလိုပဲ သတိပေးစကားပြောကြားခဲ့တာပါ။ အနယ်လ်ကာက “ရာမို့စ်က ခေါင်းဆောင်တစ်ယောက်၊ ဖိုက်တာတစ်ယောက်ပါ”
“ဒါပေမယ့် ကစားသမားတွေ ထိပ်တန်းအဆင့်ရောက်ဖို့ဆိုရင် ကွင်းထဲမှာ သူတို့ရဲ့ထိရောက်မှုကို ပြသဖို့ လိုအပ်ပါတယ်။ သူရီးရဲယ်မက်ဒရစ်မှာ လုပ်ပြခဲ့တာတွေကို PSG မှာ ပြန်လုပ်ပြရမှာပါ။ ခင်ဗျားလုပ်ခဲ့တဲ့အရာတွေက ဘောလုံးလောကမှာ အမြဲတမ်း တည်ရှိနေမှာမဟုတ်ပါဘူး။ အမြဲတမ်း မေးခွန်းတွေတစ်ခုပြီးတစ်ခုထပ်လာနေမှာ” လို့ ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။
ရာမို့စ်ဟာ ရီးရဲယ်မက်ဒရစ်နဲ့အတူ လာလီဂါချန်ပီယံ (၅) ကြိမ်၊ ချန်ပီယံလိဂ်ဖလား (၄) ကြိမ်အပါအဝင် အခြားသော ဆုဖလားပေါင်းများစွာကို ဆွတ်ခူးနိုင်ခဲ့ပြီး အသင်းပရိသတ်တွေအတွက် မေ့မရတဲ့ ဂန္တဝင်အသင်းခေါင်းဆောင်တစ်ယောက်အဖြစ် အမှတ်တရရှိနေဆဲပါ။
စပိန်နဲ့အတူလည်း (၂၀၁၀) ကမ္ဘာ့ဖလား၊ ယူရို- ၂၀၀၈ နဲ့ ယူရို- ၂၀၁၂ တို့မှာ ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့ပြီး ခပ်ကြမ်းကြမ်းကစားပုံတွေနဲ့အတူ ပြိုင်ဘက်တိုက်စစ်မှူးတွေအတွက် အိပ်မက်ဆိုးတွေပေးနိုင်တဲ့ ကစားသမားလည်းဖြစ်ပါတယ်။ နောက်ဆုံးရရှိထားတဲ့သတင်းတွေအရတော့ ရာမို့စ်တစ်ယောက် လက်ရှိနိုင်ငံတကာ ရက်သတ္တပတ်အပြီးမှာ PSG နဲ့ လေ့ကျင့်ခန်းအပြည့်ဆင်းနိုင်မယ်လို့လည်း သိရှိရပါတယ်။