ရာသီကြိုခြေစမ်းပွဲတွေကစားဖို့အတွက် ပီအက်စ်ဂျီအသင်းကတော့ ဂျပန်ကိုရောက်ရှိနေပြီဖြစ်ပါတယ်။ ဒီလိုရောက်ရှိချိန်မှာတော့ မက်ဆီ၊ နေမာ၊ ဘတ်ပီတို့က သတင်းစာရှင်းလင်းပွဲကို တက်ရောက်ခဲ့ပြီး ပရိသတ်တွေရဲ့ မေးခွန်းတွေကို ပြန်လည်ဖြေဆိုပေးခဲ့သလို ဂျပန်ဘောလုံးအကြောင်းနဲ့ပတ်သက်ပြီးတော့ ပြောဆိုမှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။
ဒီလိုမျိုး အမေးအဖြေပြုလုပ်ခဲ့ရာမှာ ကလေးငယ်တွေလည်း ပါဝင်ခဲ့ပြီး စင်ပေါ်ကို တက်ရောက်လာကာ ကမ္ဘာကျော်ကစားသမားတွေကို မျက်နှာချင်းဆိုင် တွေ့ဆုံမေးမြန်းခွင့်ရခဲ့တာဖြစ်ပါတယ်။ ဒီလိုမေးမြန်းခဲ့မှုတွေထဲက မှတ်သားစရာအကောင်းဆုံးတခုအဖြစ် ရှိနေခဲ့တာကတော့ မက်ဆီနဲ့ ကလေးငယ်တဦးတို့ မေးမြန်း၊ဖြေဆိုချိန်ပဲဖြစ်ပါတယ်။
အဆိုပါကလေးငယ်က "ဘောလုံးလောကမှာ အောင်မြင်ဖို့အတွက် ဘယ်လိုတွေလုပ်ရမလဲဆိုတာကို အကြံပေးပါ" လို့ တောင်းဆိုမေးမြန်းခဲ့တာပါ။ ဒီမေးခွန်းကို မက်ဆီက ပြန်လည်ဖြေဆိုခဲ့ရာမှာတော့ "အမှန်ပြောရရင် ဘောလုံးကတဆင့် ကျနော်အများကြီးသင်ယူခဲ့ရတယ်၊ တာဝန်ယူမှု၊ သင်ယူမှု၊ အားထုတ်မှု၊ အနစ်နာခံမှု၊ အပေါင်းအသင်းတွေလိုမျိုးပေါ့၊ ပြီးတော့ ဘောလုံးကတဆင့် ကျနော့်ကို တာဝန်တွေ၊ တိုးတက်မှုတွေ ဖန်တီးပေးတယ်လို့ ထင်မိပါတယ်"
"အရေးကြီးတဲ့အရာကတော့ ဘောလုံးစပြီး ကစားတဲ့အချိန်၊ ကလေးအရွယ်ကတည်းက ပျော်ရွှင်နေဖို့ပါပဲ၊ ပြီးတော့ ကွင်းထဲမှာ တာဝန်သိစိတ်နဲ့အတူ ပျော်နေဖို့ပါပဲ"လို့ ဆိုပါတယ်။ မက်ဆီရဲ့ ဖြေဆိုခဲ့မှုအပေါ်မှာ တက်ရောက်လာသူတွေလည်း ကျေနပ်အားရနေခဲ့ပြီး လက်ခုပ်တီးအားပေးမှုတွေပြုလုပ်ခဲ့ကြပါတယ်။ အထူးသဖြင့် ကလေးငယ်တဦးရဲ့ မေးခွန်းကို တလေးတစားနဲ့ ပြန်လည်ပြီး ဖြေကြားခဲ့တာကလည်း လူအများပြောစရာအကြောင်းတခုဖြစ်လာခဲ့ပါတယ်။
ပီအက်စ်ဂျီကတော့ ဂျေလိဂ်ကလပ်တွေဖြစ်တဲ့ ကာဝါဆာကီ၊ အူရာဝါရက်ဒ်၊ ဂမ်ဘာအိုဆာကာတို့နဲ့ ခြေစမ်းပွဲ ၃ ပွဲ ကစားသွားမှာဖြစ်ပါတယ်။ ဇူလိုင်လ ၂၀ ၊ ၂၃ နဲ့ ၂၅ ရက်နေ့တွေမှာ ဆက်တိုက်ကစားသွားမှာလည်းဖြစ်ပါတယ်။