ဘောလုံးပွဲတွေနဲ့ ပတ်သက်လို့ သူ့ရဲ့အကျင့်စရိုက်ကို ဘန်ဝှိုက်ကပြောကြားခဲ့တာပါ။

အာဆင်နယ်နောက်ခံလူ ဘန်ဝှိုက်က သူ့အနေနဲ့ ဘောလုံးပွဲကြည့်လေ့ကြည့်ထမရှိတဲ့အပြင် အာဆင်နယ်တို့ရဲ့ ဂန္တဝင်ကစားသမားဟောင်း ပက်ထရစ်ဗီယာရာ ကစားတာကိုတောင် မမြင်ဖူးဘူးလို့ ဖွင့်ဟဝန်ခံလာခဲ့ပါတယ်။



ဘန်ဝှိုက်ဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ ဘရိုက်တန်ကနေ အာဆင်နယ်ကို ပြောင်းရွှေ့ကြေးပေါင်သန်း (၅၀) နဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး သူ့ရဲ့ပြောင်းရွှေ့ကြေးအပေါ်မှာလည်း ဝေဖန်မှုတွေရှိနေပါတယ်။

လာမယ့်အောက်တိုဘာ (၁၉) မှာ အာဆင်နယ်နဲ့ခရစ္စတယ်ပဲလေ့စ်တို့ အာဆင်နယ်အိမ်ကွင်း၊ အမ်းမရိတ်စ်မှာ ထိပ်တိုက်တွေ့မှာဖြစ်ပြီး ဒီပွဲမတိုင်ခင် ပြိုင်ဘက်နည်းပြလည်းဖြစ်၊ အသင်းရဲ့ဂန္တဝင်လည်းဖြစ်တဲ့ ဗီယာရာနဲ့ပတ်သက်ပြီး မေးခွန်းတွေကို ဘန်ဝှိုက်က အခုလိုဖြေကြားခဲ့တာဖြစ်ပါတယ်။

ဘန်ဝှိုက်က “ကျွန်တော် ငယ်ငယ်တုန်းက ဘောလုံးပွဲလုံးဝမကြည့်ပါဘူး။ အခုထိလည်း ဘောလုံးပွဲမကြည့်သေးပါဘူး” လို့ Sky Sports သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီးတော့ ဘန်ဝှိုက်က “ကျွန်တော် ဘောလုံးပွဲတွေကို ချစ်မြတ်နိုးတယ်၊ ကစားလည်းကစားတယ်၊ ဒါပေမယ့် ပွဲတွေမကြည့်တော့ အရင်မျိုးဆက်ဟောင်းတွေနဲ့ ပတ်သက်လို့ သိပ်မသိဘူးဗျ”

“ဗီယာရာက အရမ်းကောင်းတဲ့ ကစားသမားဖြစ်ခဲ့တာကို ကျွန်တော် သိပါတယ်။ ဒါပေမယ့် ကျွန်တော် အသေးစိတ်မသိပါဘူး။ ကျွန်တော်က တော်တော်လေးအလုပ်များတာဗျ။ တစ်ချိန်လုံး တစ်ခုမဟုတ် တစ်ခုလုပ်နေတာ။ ကိုယ့်ရဲ့ နည်းစနစ်ပိုင်းဆိုင်ရာ သုံးသပ်ချက်တွေကို ပြန်ကြည့်တယ်”

“အင်္ဂလန်ပွဲတွေကြည့်ကောင်းကြည့်တယ်ဗျာ။ ဒါပေမယ့် ကျွန်တော် သေချာထိုင်ပြီး ဘောလုံးပွဲမကြည့်ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။ ဘန်ဝှိုက်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ ကစားခဲ့တဲ့ ယူရို- ၂၀၂၀ ပြိုင်ပွဲမှာလည်း အင်္ဂလန်အတွက် အရွေးချယ်ခံခဲ့ရပြီး လက်ရှိအာဆင်နယ်မှာလည်း အဓိကနောက်ခံလူအဖြစ် အာတီတာရဲ့ နေရာပေးခြင်းကိုခံနေရပါတယ်။ 

Share

က္က