ကိုဗစ်မျိုးကွဲကြောင့် ဘိုင်ယန်မြူးနစ် အိမ်ကွင်းပွဲတွေမှာ ပရိသတ်ဝင်ရောက်ခွင့်ပိတ်ပင်လိုက်ပါပြီ။

လက်ရှိ ကမ္ဘာပေါ်မှာ ကိုဗစ်မျိုးစိတ်အသစ်တခုအနေနဲ့ ပျံ့နှံ့နေတဲ့ အိုမီခရွန်ကြောင့် ဘိုင်ယန်မြူးနစ်က သူတို့ရဲ့လာမယ့်ပွဲစဥ်တွေကို ကွင်းပိတ်ကစားသွားဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။ ဒီမျိုးစိတ်ကို မကြာခင် ရက်ပိုင်းအတွင်းကမှ စတင်ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး တဖြည်းဖြည်းနဲ့ ကမ္ဘာအနှံ့ကို ရောက်ရှိနေပါပြီ။



လက်ရှိအချိန်မှာ နိုင်ငံအများအပြားက ကမ္ဘာလှည့်ခရီးသည်ဝင်ရောက်ခွင့်တွေကို ပြန်လည်ပိတ်ဆို့လိုက်ကြပြီး ခရစ္စမတ်ပွဲတော်တွေကိုလည်း ဖျက်သိမ်းလိုက်ပါတယ်။ ဂျာမန်အစိုးရကတော့ Lockdown အစီအစဥ်တွေနဲ့ ပတ်သက်လို့ မနက်ဖြန် (အင်္ဂါ) မှ စတင်ဆွေးနွေးမှာဖြစ်ပေမယ့် ဘာဗေးရီးယား ဝန်ကြီးချုပ် မားကပ်စ်ဆိုဒါကတော့ သူ့နယ်မြေက ဘောလုံးပွဲတွေမှာ ပရိသတ်တွေ ကွင်းအတွင်း လာရောက်ကြည့်ရှုခွင့်ကို ပိတ်ပင်လိုက်ပါပြီ။

ဆိုဒါက “ကျနော်တို့ ရှေ့လျှောက် ပရိသတ်တွေကို ကွင်းထဲပေးဝင်တော့မှာ မဟုတ်ပါဘူး။ တကယ်လို့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ဒါကို လက်မခံဘူးဆိုရင်တောင်မှ ကျနော့်အပိုင်းမှာတော့ ဝင်ကြည့်ခွင့်ပေးမှာမဟုတ်ပါဘူး။ ဘောလုံးက ကြီးမားတဲ့ စံပြတခုဖြစ်ပေမယ့် ဒီအချိန်မှာ ဒီလိုမျိုး ခရီးတွေသွားခွင့်ပေးပြီး တာဝန်မရှိသလိုနေတာမျိုးတော့ မရပါဘူး”

“ကျနော်တို့ တတ်နိုင်သလောက် ထိတွေ့မှုတွေကို လျှော့ချရပါမယ်” လို့ ပြောကြားခဲ့ပါတယ်။ ဆိုဒါရဲ့ ဒီပြောစကားတွေကြောင့် ဘာဗေးရီးယားဒေသတွင်းမှာတည်ရှိနေတဲ့ ဘိုင်ယန်မြူးနစ်၊ အော့စ်ဘတ်၊ ဂရေသာဖက်တို့ရဲ့ အိမ်ကွင်းပွဲတွေက ကွင်းပိတ်ကျင်းပရတော့မှာဖြစ်ပြီး ဒုတိယတန်းက အသင်းနှစ်သင်းလည်း ဒီဒေသတွင်းမှာပဲ တည်ရှိတယ်လို့ သိရပါတယ်။

နိုဝင်ဘာ (၂၄) တည်းက ဒီအိုမီခရွန်မျိုးကွဲကို ဂျာမနီနိုင်ငံ၊ မြူးနစ်လေဆိပ်မှာ စတင်တွေ့ရှိခဲ့ပြီး အဲ့ဒီလူနာနှစ်ယောက်ကိုတော့ လက်ရှိအချိန်မှာ သီးသန့်ခွဲခြား စောင့်ကြည့်နေပါတယ်။ မနက်ဖြန်မှာတော့ ဂျာမန် အဓိပတိ မာကဲလ်နဲ့ သူ့နေရာကို ဆက်ခံမယ့် ရှလော့ဇ်တို့ ဆွေးနွေးကြမှာဖြစ်ပြီး လက်ရှိမျိုးကွဲအသစ်ကို နိုင်ငံတဝန်း ဘယ်လိုမျိုးတုံ့ပြန်မလဲဆိုတာကို ဆုံးဖြတ်ချက်ချသွားမယ်လို့ သိရှိရပါတယ်။

ဒါ့အပြင် အခြားသောနာမည်ကျော်လိဂ်တွေကလည်း ဒီမျိုးကွဲရဲ့ အခြေအနေကို စောင့်ကြည့်နေပြီး သက်ဆိုင်ရာအစိုးရတွေရဲ့ ဆုံးဖြတ်ချက်တွေအပေါ် မူတည်ကာ ပရိသတ်တွေ ကွင်းထဲဝင်ရောက်ကြည့်ရှုခွင့်က ပြောင်းလဲသွားနိုင်ပါတယ်။ 

Share

Loading Next Article...
က္က