ဘာစီလိုနာကြယ်ပွင့် ယော်ဒီ အယ်လ်ဘာက ဘာစီလိုနာအသင်းဖော်ဟောင်း လီယွန်နယ် မက်ဆီနဲ့ အတွဲမိခဲ့တဲ့အကြောင်း ပြန်ပြောင်းပြောပြခဲ့ပြီး အာဂျင်တီးနားကြယ်ပွင့်က ကမ္ဘာပေါ်မှာ အကောင်းဆုံးလို့ ခံစားနေရတာဖြစ်ပါတယ်။
လီယွန်နယ် မက်ဆီဟာ ဆယ်စုနှစ် ၂ နှစ်ခုကျော်ကြာ ကစားပေးခဲ့တဲ့ ဘာစီလိုနာအသင်းနဲ့ ၂၀၂၁ ခုနှစ်မှာ လမ်းမခွဲချင်ဘဲ လမ်းခွဲခဲ့ရတာဖြစ်ပြီး ကတ်တလန်အသင်းကြီးဟာ ဘဏ္ဍာရေးအကြပ်အတည်းကြောင့် ကြယ်ပွင့်ကစားသမားကို စာချုပ်သစ် မကမ်းလှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ အာဂျင်တီးနားလက်ရွေးစင်တိုက်စစ်မှူးဟာ ရလဒ်အနေနဲ့ ပီအက်စ်ဂျီအသင်းကို အလွတ်နဲ့ ပြောင်းရွှေ့သွားခဲ့ပြီး ပြင်သစ်လီဂူးဝမ်းအသင်းကြီးနဲ့ ၂ နှစ်ခွဲစာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။
လီယွန်နယ် မက်ဆီအနေနဲ့ နူးကမ့်ကို စွန့်ခွာခဲ့တာ ၁ နှစ်ခွဲကျော်ခဲ့ပြီဖြစ်ပေမယ့်လည်း အများစုက ၎င်းရဲ့ ထွက်ခွာမှုနဲ့ပတ်သက်ပြီး လက်မခံနိုင်သေးပုံ ပေါ်ပြီး ယော်ဒီ အယ်လ်ဘာဟာ ကတ်တလန်အသင်းမှာ ပီအက်စ်ဂျီကြယ်ပွင့်နဲ့ အလွန်ရင်းနှီးချစ်ခင်တဲ့ ဆက်ဆံရေးမျိုး ပိုင်ဆိုင်ခဲ့တဲ့ကစားသမားတွေထဲမှာ အပါအဝင်ဖြစ်ခဲ့ပါတယ်။ အယ်လ်ဘာနဲ့ လီယွန်နယ် မက်ဆီတို့ဟာ ဘာစီလိုနာအသင်းအတွက် စုစုပေါင်း ၃၄၅ ပွဲအထိ အတူတူ ကစားပေးခဲ့ရာမှာ နှစ်ဦးပေါင်း သွင်းဂိုး ၃၄ ဂိုး သွင်းယူပေးနိုင်ခဲ့ကြတာဖြစ်ပြီး ဘာစီလိုနာဘယ်နောက်ခံလူက ၎င်းနဲ့ အာဂျင်တီးနားကြယ်ပွင့်တို့ဟာ တစ်ယောက်နဲ့တစ်ယောက် အပြည့်အဝ နားလည်မှုရှိခဲ့ကြတယ်လို့ ပြောကြားခဲ့ပါတယ်။
ယော်ဒီ အယ်လ်ဘာက ၎င်းအတွက် အရာအားလုံးကို ပိုမိုလွယ်ကူအောင် လုပ်ပေးခဲ့တဲ့ အသက် ၃၅ နှစ်အရွယ်တိုက်စစ်မှူးဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးကစားသမားလို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။ "ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် အပြည့်အဝကို နားလည်မှုရှိခဲ့ကြတယ်။ ကျွန်တော်ကသင့်တော်တဲ့အချိန်မှာ ဘောလုံးကို ပေးလိုက်ရုံပဲ။ အဲဒါက အခက်အခဲတွေ မြင့်တက်လာခဲ့တယ်။ ဘာလို့လဲဆိုတော့ ပြိုင်ဘက်တွေအားလုံးက ကျွန်တော်တို့အကြောင်းကို သိထားပြီးသားဖြစ်ခဲ့လို့ပါ။ ဒါပေမယ့် သူက ကျွန်တော့်ဆီက ဘောလုံးကို မယူတဲ့ပုံစံမျိုးနဲ့ ကစားခဲ့ပြီး တစ်ခါတလေကျရင် ပိုပြီး လူကပ်မခံထားရတဲ့ တခြားအသင်းဖော်ဆီ ရောက်ရောက်သွားခဲ့ပါတယ်"
"ကျွန်တော်တို့ အရမ်းကောင်းတဲ့ အတွဲကို ပုံဖော်နိုင်ခဲ့ကြတယ်။ သူနဲ့ဆိုရင် အရာအားလုံးက ပိုပြီး လွယ်ကူခဲ့တယ်။ ကျွန်တော့်ရဲ့ ဂိုးဖန်တီးမှုအားလုံးနီးပါးက သူ့အတွက်ပဲ။ ပထမဆုံးဂိုးဖန်တီးမှုက အယ်လ် ဆာဒါးမှာဆိုတာ ကျွန်တော် မှတ်မိသေးတယ်။ ပြိုင်ပွဲရဲ့ ဘက်ပေါင်းစုံမှာ သူက အကောင်းဆုံးကစားသမားပဲ"လို့ ပြောကြားခဲ့ပါတယ်။