အယ်လ်နာဆာ ဂန္တဝင် မိုဟာမက် အယ်လ်-ဆာလာဝီက ယနေ့ညမှာ ယှဉ်ပြိုင်ကစားမယ့် အယ်လ်-ဟီလာလ်နဲ့ပွဲစဉ်မှာ အယ်လ်နာဆာအတွက် ကွဲပြားခြားနားမှုလုပ်ဆောင်ပေးလိမ့်မယ်လို့ တစ်ကြိုပေးခဲ့ပါတယ်။
အယ်လ်နာဆာဟာ အယ်လ်-ဖေဟာနဲ့ ကစားခဲ့တဲ့ နောက်ဆုံး ဆော်ဒီ ပရိုလိဂ်ပွဲစဉ်မှာ စိတ်ပျက်စရာ ဂိုးမရှိသရေရလဒ် ရရှိခဲ့တာဖြစ်ပြီး ဒီရလဒ်ကြောင့် ရီယက်ဒ်အခြေစိုက်အသင်းဟာ ဆုဖလားပြိုင်ပွဲမှာ အယ်လ်-အစ်တီဟတ်အသင်းရဲ့နောက် ၃ မှတ်အကွာကနေ လိုက်ခဲ့ရသလို နည်းပြ ရူဒီ ဂါစီယာလည်း နည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။
ရာသီကုန်ဖို့က ၇ ပွဲသာ လိုတော့တာကြောင့် ရော်နယ်လ်ဒိုရဲ့ အယ်လ်နာဆာအသင်းဟာ အယ်လ်-အစ်တီဟတ်ကို ကျော်ဖြတ်ပြီး အဆင့် ၁ နေရာကို တက်လှမ်းနိုင်ဖို့အတွက် အချိန်က မရှိတော့တာ ဖြစ်ပါတယ်။
ဒါကြောင့် အယ်လ်နာဆာအသင်းဟာ ခါးသီးပြိုင်ဘက်ဖြစ်တဲ့ အယ်လ်-ဟီလာလ်အသင်းနဲ့ ရင်ဆိုင်ရမယ့် ယနေ့ပွဲစဉ်မှာ နိုင်ပွဲ ပြန်လည်ရယူသွားဖို့ စိတ်ပိုင်းဖြတ်ထားမှာ ဖြစ်ပါတယ်။ အယ်လ်-ဟီလာလ်အသင်းဟာ အယ်လ်နာဆာနဲ့ ၇ မှတ်အကွာမှာ တစ်ပွဲပိုကစားထားပေမယ့်လည်း ကလပ် ၂ သင်းကြားမှာ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေ ရှိနေတာကြောင့် ပွဲကြီးပွဲကောင်းဖြစ်လာမှာ ဖြစ်ပါတယ်။
တစ်ဆက်တည်းမှာပဲ အယ်လ် နာဆာအသင်းဟာ နောက်ဆုံး အဝေးကွင်း ၃ ပွဲမှာ ၂ ပွဲအထိ အနိုင်မရရှိခဲ့ဘဲ ဆိုးရွားတဲ့ အဝေးကွင်း ခြေစွမ်းကြောင့် ပရိသတ်တွေအတွက် စိုးရိမ်စရာ ဖြစ်နေတာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း အယ်လ်-ဆာလာဝီက ရော်နယ်လ်ဒိုဟာ အယ်လ်-ဟီလာလ်နဲ့ ပွဲစဉ်မှာ လုပ်ရမယ့်အရာတွေကို လုပ်ဆောင်နိုင်မှာဖြစ်တယ်လို့ ထောက်ခံခဲ့ပြီး ပေါ်တူဂီကြယ်ပွင့်ဟာ ကစားသမားဘဝတလျှောက်မှာ ဒါဘီပွဲစဉ်အများအပြား ကစားခဲ့တာကြောင့် တုန်လှုပ်နေမှာမဟုတ်ဘူးလို့ ယုံကြည်နေတာဖြစ်ပါတယ်။
“ခရစ္စတီယာနို ရော်နယ်လ်ဒိုက သူ့ရဲ့ ကျွမ်းကျင်မှု၊ မြင့်မားတဲ့ နည်းစနစ်ပိုင်း စွမ်းရည်တွေကြောင့် ဒီနေ့ရဲ့ ပြိုင်မြင်းဖြစ်ပါလိမ့်မယ်။ သူက ဘောလုံးသမိုင်းမှာ အကောင်းဆုံးတိုက်စစ်မှူးပါ။ အဲဒီအပြင် သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ နည်းစနစ်ပိုင်း အားကောင်းမှုရှိပါတယ် ။သူက ဒီလိုပွဲတွေကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာကို သိပါတယ်။ အယ်လ်နာဆာ ကြယ်ပွင့်တွေအနေနဲ့ ယှဉ်ပြိုင်နိုင်စွမ်းရှိချင်ပြီး အနိုင် ၃ မှတ်ကို လိုချင်တယ်ဆိုရင် အနိုင်ရချင်တဲ့ စိတ်ဆန္ဒနဲ့ ကစားသွားရမှာပါ။ပွဲအစကနေ အဆုံးအထိ တိုက်ပွဲဝင်စိတ်ဓာတ်ရှိနေရမှာပါ။ ဘာလို့လဲဆိုတော့ ဒီပွဲက အသင်းကို ထိခိုက်စေနိုင်တဲ့ ဘယ်လို စိတ်အေးလက်အေးဖြစ်နေမှုမျိုးကိုမှ လက်ခံမှာမဟုတ်လို့ဖြစ်ပြီး စိတ်ဆန္ဒရှိနေတဲ့အခါတိုင်း အောင်ပွဲတွေက ရှိနေမှာပါ”လို့ ပြောကြားခဲ့ပါတယ်။
Share