အယ်လ်နာဆာတိုက်စစ်မှူး ရော်နယ်ဒိုဟာ လက်ရှိရာသီမှာ ဆော်ဒီပရိုလိဂ်ရဲ့ ဂိုးသွင်းဘုရင်ဆုကို ဆွတ်ခူးနိုင်ဖို့ နီးစပ်နေပြီဖြစ်ပါတယ်။ ဒီလိုမျိုးသာ စွမ်းဆောင်နိုင်ခဲ့ရင်တော့ အဆိုပါ ပေါ်တူဂီ အသင်းခေါင်းဆောင်ကြီးက မတူညီတဲ့ ထိပ်သီးလိဂ် (၄) ခုမှာ ရွှေဖိနပ်ဆု ဆွတ်ခူးနိုင်တဲ့ ပထမဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်လာမှာပါ။
ရော်နယ်ဒိုဟာ ပရီးမီးယားလိဂ်မှာ ယူနိုက်တက်၊ လာလီဂါမှာ ရီးရဲလ်မက်ဒရစ်၊ အီတလီစီးရီးအေမှာ ဂျူဗင်တပ်စ်တို့နဲ့အတူ အခုလိုမျိုးပဲ ရွှေဖိနပ်ဆုတွေကို ဆွတ်ခူးရရှိခဲ့ပြီးဖြစ်ပါတယ်။ အခု ဒီရာသီမှာတော့ အယ်လ်နာဆာအတွက် လိဂ်သွင်းဂိုး (၂၆) ဂိုးအထိ သွင်းယူပေးထားပြီး အနီးဆုံးပြိုင်ဘက် အယ်လ်ဟီလာတိုက်စစ်မှူး မီထရိုဗစ်ထက် (၄) ဂိုး အသာရရှိထားပါတယ်။
ဒီလိုအနေအထားမျိုးမှာ မီထရိုဗစ်တစ်ယောက် နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ ကြွက်သားဒဏ်ရာရရှိသွားခဲ့တာကြောင့် ရော်နယ်ဒိုအတွက် ရွှေဖိနပ်ဆုကို ဖိအားမရှိ ရယူနိုင်ဖို့ အခြေအနေ ကောင်းလာခဲ့ပြီဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဆော်ဒီပရိုလိဂ်ပွဲစဉ်တွေပြီးဆုံးဖို့က (၉) ပွဲလောက် ကျန်ရှိပါသေးတယ်။
ဒါပေမယ့် မီထရိုဗစ်ရဲ့ဒဏ်ရာကတော့ ရာသီကုန်အထိ အနားယူနိုင်ရခြေရှိကြောင်း ဆော်ဒီအခြေစိုက် မီဒီယာတွေက ဖော်ပြထားပြီး ရော်နယ်ဒိုတစ်ယောက် သူ့ရဲ့ စံချိန်သစ်ကို အခက်အခဲမရှိ ရယူသွားနိုင်ပါတယ်။ ဘောလုံးလောကမှာ ရိုမာရီယို၊ ဒီစတီဖာနို၊ နစ္စတယ်ရွိုင်းနဲ့ လီဝန်ဒေါစကီးတို့က မတူညီတဲ့ နိုင်ငံ (၃) ခုမှာ ရွှေဖိနပ်ဆု ဆွတ်ခူးထားနိုင်ခဲ့ဖူးပါတယ်။
ဒါ့အပြင် ဆွာရက်ဇ်ကလည်း အေဂျက်စ်၊ လီဗာပူး၊ ဘာစီလိုနာတို့နဲ့အတူ လိဂ်ရွှေဖိနပ်ဆုကို ဆွတ်ခူးရရှိဖူးပြီး အင်တာမိုင်ယာမီနဲ့အတူ ဒီရာသီမှာလည်း ရွှေဖိနပ်ဆုရယူဖို့ စိုင်းပြင်းနေပါတယ်။ ဒါပေမယ့်လည်း ဆော်ဒီလိဂ်က မေဂျာလိဂ်ထက် အရင်ဆုံးရာသီ စောသိမ်းမှာဖြစ်တာကြောင့် ရော်နယ်ဒိုကတော့ ဘောလုံးသမားတွေထဲမှာ ဘယ်သူမှမရဖူးတဲ့ စံချိန်တစ်ရပ်ကို အရင်ဆုံး ဆွတ်ခူးနိုင်ဖို့ နီးစပ်နေပါတယ်။