အာဂျင်တီးနား လက်ရွေးစင် အသင်းခေါင်းဆောင် မက်ဆီဟာ အာဂျင်တီးနား တီဗီရှိုးတစ်ခုဖြစ်တဲ့ Los Protectores မှာ ပါဝင်ခဲ့ပြီးနောက် အဆိုပါ အစီအစဥ်က မက်ဆီရဲ့ သရုပ်ဆောင်ဟန်တွေကို ပရိသတ်တွေက သဘောကျနှစ်သက်နေပါတယ်။ ဒီအစီအစဥ်ကို Star+ ကနေ သီးသန့်ပြသခဲ့တာဖြစ်ပါတယ်။
အဆိုပါ အစီအစဥ်မှာ ဘောလုံးအေးဂျင့် (၃) ယောက်က သူတို့ရဲ့ အလုပ်အကိုင်တွေ တည်မြဲနိုင်ဖို့နဲ့ ဒေဝါလီခံရတဲ့ဘဝကို ရှောင်ရှားနိုင်ဖို့ ရိုက်ကူးထားတာဖြစ်ပါတယ်။ မက်ဆီကလည်း ဒီရှိုးမှာ တည်တည်ငြိမ်ငြိမ်နဲ့ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေအတွက် ချီးကျူးစရာဖြစ်နေခဲ့တာပါ။
အဆိုပါ အေးဂျင့် (၃) ယောက်နဲ့ မက်ဆီတို့ ပဲရစ်မြို့မှာ တွေ့ဆုံရင်း လုပ်ငန်းအစီအစဥ်တွေအတွက် ဆွေးနွေးတဲ့နေရာမှာ စကားဝိုင်းက တဖြည်းဖြည်း အချေအတင်ဖြစ်လာခဲ့ပြီး မက်ဆီရဲ့ သရုပ်ဆောင်ဟန်၊ စကားပြောဆိုဟန်တွေက သရုပ်ဆောင်တစ်ယောက်အလား ထင်မှတ်ရအောင်ကို ပိရိသပ်ရပ်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း မက်ဆီရဲ့ ပရိသတ်တွေက ဒီရှိုးအတွက် မက်ဆီကို ချီးကျူးနေကြပါတယ်။
ပရိသတ်တွေက “မက်ဆီက The Protectors မှာ ကောင်းကောင်း ပါဝင်သရုပ်ဆောင်နိုင်တာက တကယ်ကို အံ့အားသင့်စရာပါပဲ။ သူက အခြား အာဂျင်တီးနား သရုပ်ဆောင်တွေထက် ပိုကောင်းပါတယ်” “ငါ့အတွက် အကြီးကျယ် အခမ်းနားဆုံး သရုပ်ဆောင်စာရင်းထဲမှာ မက်ဆီ ပါဝင်သွားပါပြီ” “မက်ဆီက သရုပ်ဆောင်လုပ်နေပြီလား? လီယိုနာဒိုဒီကာပီယိုထွက်ခဲ့စမ်းဗျာ။ မက်ဆီက အော်စကာဆုကိုပါ ပစ်မှတ်ထားနေပြီ”
“ဒီလူက ဘောလုံးမှာ ပြီးပြည့်စုံသွားတော့ သရုပ်ဆောင်ဖို့ ကြိုးစားနေပြီ” လို့ အစရှိသဖြင့် အမျိုးမျိုး မှတ်ချက်ပြု ချီးကျူးခဲ့ကြပါတယ်။ ဒါဟာ မက်ဆီအတွက် ပထမဆုံးအနေနဲ့ ပွဲဦးထွက် သရုပ်ဆောင်ရတာဖြစ်ပြီး ထင်ထားတာထက် ပိုမိုကောင်းမွန်တဲ့ သရုပ်ဆောင်စွမ်းရည်ကို ပြသသွားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။