ဝေဖန်မှုတွေကို တုံ့ပြန်ခဲ့တာပါ။

ယူနိုက်တက်တောင်ပံကစားသမား အန်တိုနီဟာ ရှရစ်ဖ်နဲ့ ယူရိုပါလိဂ်အိမ်ကွင်းမှာ ပြသခဲ့တဲ့ သူ့ရဲ့ (၃၆၀) ဒီဂရီလှည့်ကွက်အပေါ် ဝေဖန်နေကြတဲ့ ဘောလုံးဝေဖန်သုံးသပ်သူတွေကို ပြန်လည်တုံ့ပြန်လာခဲ့ပါတယ်။ အန်တိုနီဟာ ပြီးခဲ့တဲ့နွေရာသီကမှ ယူနိုက်တက်ကို ပြောင်းရွှေ့ကြေး ယူရိုသန်း (၁၀၀) နဲ့ သဘောတူညီပြီး ရောက်ရှိလာခဲ့တဲ့ ကစားသမားပါ။



အဆိုပါ ဘရာဇီးကြယ်ပွင့်ဟာ ယူနိုက်တက်ကို မရောက်ခင်တည်းက အေဂျက်စ်မှာရော၊ ဘရာဇီးမှာပါ အခါအခွင့်သင့်ရင်သင့်သလို အခုလိုမျိုး ကွင်းထဲမှာ ဘောလုံးနဲ့အတူ (၃၆၀) ဒီဂရီလှည့်ပတ်ပြီး စကေးပြသကာ ပရိသတ်တွေကို ဖျော်ဖြေလေ့ရှိပါတယ်။ ရှရစ်ဖ်နဲ့ပွဲမတိုင်ခင် နောက်ဆုံးကစားခဲ့တဲ့ ချဲလ်ဆီးနဲ့ပွဲမှာလည်း အန်တိုနီက ဒါမျိုးအကွက်ကို စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းထဲ လုပ်ပြခဲ့ပါသေးတယ်။

အခု ရှရစ်ဖ်နဲ့ပွဲ ပထမပိုင်းမှာတင် အန်တိုနီက ဒါမျိုး ထပ်လုပ်ပြခဲ့တာဖြစ်ပြီး ဘောလုံးဝေဖန်သုံးသပ်သူတွေအဖြစ် ဆောင်ရွက်နေတဲ့ ပေါလ်စခိုးလ်၊ ရော်ဘီဆားဗေ့ချ်၊ ဟားဂရေ့ဗ်စ်တို့လို ဂန္တဝင်ကစားသမားဟောင်းတွေက အန်တိုနီကို ဝေဖန်ခဲ့ကြပါတယ်။ အန်တိုနီအနေနဲ့ အသင်း အနိုင်မရသေးခင်မှာ ဒါမျိုးမလုပ်သင့်ကြောင်း၊ အဓိပ္ပာယ်ရှိတဲ့လုပ်ရပ်မဟုတ်ကြောင်းနဲ့ အနိုင်ရနေချိန်မှာတောင် ပြိုင်ဘက်ကို လှည့်စားမှုနဲ့ ဒါမျိုးမလုပ်သင့်ကြောင်း ဝေဖန်ခဲ့ကြတာပါ။

ဒါပေမယ့် အန်တိုနီကတော့ သူ့ရဲ့ အင်စတာဂရမ်စတိုရီကတဆင့် “ကျနော်တို့ရဲ့ ကိုယ်ပိုင်အနုပညာကြောင့် ကျနော်တို့ကို လူတွေသိနေတာပါ။ ကျနော့်ကို ဒီနေရာအထိ ရောက်လာစေခဲ့တဲ့အရာကို မလုပ်တော့ဘဲ ကျနော် ရပ်တန့်လိုက်မှာမဟုတ်ပါဘူး” လို့ ရေးသားတုံ့ပြန်ခဲ့ပါတယ်။ ရှရစ်ဖ်ကို ယူနိုက်တက်တို့ သုံးဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ် အိမ်ကွင်းပွဲစဥ်မှာ အန်တိုနီတယောက် ပထမပိုင်းအပြီးမှာတင် လူစားလဲခံခဲ့ရပါတယ်။

ဆော်ပေါ်လို အကယ်ဒမီထွက် ကစားသမားလည်းဖြစ်တဲ့ အန်တိုနီဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီမှာလည်း သူ့ရဲ့ ဒီလိုမျိုး ကစားပုံနဲ့ပတ်သက်လို့ ဝေဖန်မှုတွေအပေါ် ဂရုမစိုက်ကြောင်း တုံ့ပြန်ဖူးပါတယ်။ လက်ရှိ ယူနိုက်တက်နည်းပြ တန်ဟက်ခ်ကလည်း အန်တိုနီ အခုလိုလုပ်နေတာနဲ့ပတ်သက်လို့ အသင်းအတွက် အကျိုးရှိနေသရွေ့ တားမြစ်သွားမှာ မဟုတ်ကြောင်း အတိအလင်းပြောကြားထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က