လက်ရှိမှာ ဥရောပရဲ့အကောင်းဆုံးတိုက်စစ်မှူးစာရင်းဝင်ဖြစ်နေတဲ့ ဒေါ့မွန်တိုက်စစ်မှူးဟာလန်းက သူဟာ လက်စတာတိုက်စစ်မှူးဗာဒီရဲ့ ကစားဟန်ကိုကြည့်ရှုပြီး လေ့လာသင်ယူနေတယ်လို့ ဝန်ခံလိုက်ပါတယ်။ နာမည်ကျော်လူငယ်ကြယ်ပွင့်တွေအတွက် စံပြကစားသမားတွေက အများအားဖြင့် မက်ဆီ၊ ရော်နယ်ဒိုတို့လို ကမ္ဘာ့အကောင်းဆုံးကစားသမားတွေဖြစ်နေပေမယ့် ဟာလန်းအတွက်တော့ ဗာဒီက စံပြတဦးဖြစ်နေခဲ့တာပါ။
မက်ဆီ၊ ရော်နယ်ဒိုတို့ထက်တောင်မှ ပိုကောင်းတဲ့ ဗာဒီရဲ့ ကစားဟန်အကြောင်းကိုလည်း ဟာလန်းက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ သူ့အနေနဲ့ ကစားသမားအများအပြားရဲ့ ကစားပုံတွေကို လေ့လာခဲ့ပေမယ့်လည်း နည်းစနစ်ပိုင်းဆိုင်ရာတခုမှာတော့ ဗာဒီကို ဘယ်ကစားသမားမှလိုက်မမီဘူးလို့လည်း ဟာလန်းက အခိုင်အမာပြောကြားခဲ့တာဖြစ်ပါတယ်။
"ကျနော်ငယ်ငယ်ကတည်းက ကစားသမားအများကြီးရဲ့ ကစားပုံတွေကို ကြည့်ခဲ့ပါတယ်၊ ဥပမာအနေနဲ့ပြာမယ်ဆိုရင် နံပါတ် ၁၀ နေရာကစားသူက ဘောလုံးရထားချိန်မှာ ဗဟိုခံစစ်မှူးတွေနောက်ကို ပြေးဝင်သွားတဲ့ကစားဟန်မျိုးပေါ့၊ အဲဒီနေရာမှာ ကမ္ဘာ့အကောင်းဆုံးကစားသမားက ဂျင်မီဗာဒီပါပဲ၊ သူ့ရဲ့ အဲဒီကစားပုံကို ကျနော်အကြိမ်အများကြီးကြည့်ရှုခဲ့ဖူးပါတယ်"
"ကျနော်က အဲဒီလိုပါ၊ အမြဲတမ်း ဘောလုံးပွဲတွေအများကြီးကြည့်ခဲ့ပြီး အခုချိန်ထိပါပဲ၊ စနေနေ့ဆို ဘောလုံးကန်တယ်၊ အိမ်ရောက်ရင် တနင်္ဂနွေနေ့တနေ့လုံး ဘောလုံးပွဲတွေကြည့်တယ်၊ ဘောလုံးအပေါ် အမြဲတမ်းရူးသွပ်ခဲ့တာပေါ့" လို့ ဟာလန်းက Sky Sports ကတဆင့် ပြောဆိုခဲ့ပါတယ်။ ဂျင်မီဗာဒီကတော့ လက်စတာမှာကစားနေရင်းနဲ့ မထင်မရှားကစားသမားဘ၀ကနေ ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးတိုက်စစ်မှူးတဦးအဖြစ် ခြေစွမ်းပြခဲ့သူဖြစ်ပါတယ်။