မနေ့ကပွဲမှာ သူ ဝင်လာပြီးမှ ချေပဂိုး ၂ ဂိုးပြန်ရသွားခဲ့ပါတယ်။

ဒီနေ့မနက်ပိုင်းက ကစားခဲ့တဲ့ ဗီလာ-ယူနိုက်တက်ပွဲစဉ်မှာတော့ ၂ ဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့ပြီးမှ သရေသာရခဲ့လို့ ယူနိုက်တက်တို့နစ်နာသွားခဲ့ရပါတယ်။ အက်ဖ်အေဖလားပွဲအပြီး ပြန်တွေ့ခဲ့ကြရာမှာ ယူနိုက်တက်က ပထမပိုင်းတပိုင်းလုံး ပွဲကိုထိန်းချုပ်ထားနိုင်ခဲ့ပြီး ဦးဆောင်ဂိုးလည်း ရရှိခဲ့ကာ ခြေစွမ်းအရလည်း အားရဖို့ကောင်းခဲ့တဲ့ အနေအထားမှာရှိနေခဲ့ပါတယ်။ 

ရော်နယ်ဒို ဒဏ်ရာကြောင့် မပါဝင်နိုင်ချိန်မှာ ကာဗာနီကို အထောင်တိုက်စစ်မှူးနေရာထားပြီး လူငယ်ကစားသမားအီလန်ဂါလည်း ပါဝင်လာခဲ့ပါတယ်။ ယူနိုက်တက်အတွက် ဂိုးတွေကိုတော့ ဘရူနိုဖာနန်ဒက်စ်တဦးတည်းက သွင်းယူခဲ့ပြီး ပွဲကစားချိန် မိနစ် ၇၀ ကျော်အထိ ၂-၀ ဖြစ်နေခဲ့ကာ နိုင်ပွဲရမယ်ထင်မှတ်ခဲ့ပေမယ့် ဗီလာကစားသမားသစ် ကော်တင်ဟိုဝင်ရောက်လာချိန်မှာတော့ ပွဲက ပြောင်းပြန်ဖြစ်သွားခဲ့ပါတယ်။ 

ပရီးမီးယားလိဂ်တကျော့ပြန် အဖွင့်ပွဲမှာ ကော်တင်ဟိုက လူစားဝင်လာပြီး ၉ မိနစ်အတွင်းမှာပဲ ရလဒ်ကို ပြောင်းပြန်လှန်ခဲ့ပါတယ်။ ရမ်ဆေးရဲ့သွင်းဂိုးအတွက်လည်း ဖန်တီးပေးခဲ့သလို ကိုယ်တိုင်လည်း တဂိုးသွင်းယူပြီး ဗီလာတို့ အဖိုးတန်သရေတမှတ်ကို ပြန်ရယူနိုင်ခဲ့ပါတယ်။ ယူနိုက်တက်ကိုဆိုရင် ဒုက္ခပေးလေ့ရှိတဲ့ ကော်တင်ဟိုက သူ့အစဉ်အလာကို ဒီနေ့မှာလည်း ဆက်ထိန်းသွားခဲ့ပါတယ်။ 

ဂျရတ်အတွက်တော့ ကော်တင်ဟိုရောက်ရောက်ချင်းခြေစွမ်းပြခဲ့တာက ကျေနပ်ဖို့ကောင်းခဲ့ပါတယ်။ ၂ဂိုးပြတ်နေလို့အာရုံစိုက်မှုအားနည်းလာတဲ့ ယူနိုက်တက်ဟာ ဗီလာရဲ့ တောက်လျှောက်ဖိအားပေးမှုကို မခံနိုင်တော့ဘဲ ခံစစ်ပိုင်းအားနည်းချက်တွေကနေ ဂိုးတွေပြန်ပေးခဲ့ရပါတယ်။ ပွဲပြီးခါနီး ဗန်ဒီဘိခ်ရဲ့ အပြင်းကန်သွင်းချက် ဗီလာခံစစ်ကာကွယ်နိုင်ခဲ့လို့ နစ်နာခဲ့ရပြီး အဝေးကွင်းကနေ တောက်တခတ်ခတ်နဲ့သာ ပြန်လာခဲ့ရပါတယ်။ 

Share

က္က