ရန်းနစ်ဂ်နဲ့ပတ်သက်လို့ တင်မ်ရှားဝုဒ်က ဝေဖန်လာခဲ့တာပါ။

ပရီးမီးယားလိဂ် နည်းပြဟောင်း တင်မ်ရှားဝုဒ်က ယူနိုက်တက်နည်းပြ ရန်းနစ်ဂ်နဲ့ ပတ်သက်လို့ ဝေဖန်ပြောကြားလာခဲ့ပါတယ်။ အသက် (၆၃) နှစ်အရွယ် အဆိုပါဂျာမန်လူမျိုးနည်းပြကြီးဟာ ပြီးခဲ့တဲ့ နိုဝင်ဘာအကုန်မှာ ယူနိုက်တက်ရဲ့ ယာယီနည်းပြဖြစ်လာခဲ့ပြီး အသင်းကို (၆) လခွဲ စာချုပ်နဲ့ ကိုင်တွယ်သွားမှာပါ။



ဂျာမန်ဘောလုံးလောကရဲ့ ခေါင်းကိုင်ဖခင်ကြီးလို့တောင် တင်စားခေါ်ဝေါ်နေကြတဲ့ ရန်းနစ်ဂ်ဟာ ယူနိုက်တက်နည်းပြဘဝ ပရီးမီးယားလိဂ် (၂) ပွဲမှာ ခရစ္စတယ်ပဲလေ့စ်၊ နော့ဝစ်ချ်တို့ကို ၁-၀ ဂိုးဆိုတဲ့ ရလဒ်တွေနဲ့ အနိုင်ယူခဲ့ပေမယ့် အက်စတွန်ဗီလာနည်းပြဟောင်း တင်မ်ရှားဝုဒ်ကတော့ ရန်းနစ်ဂ်နဲ့ ပတ်သက်လို့ အထင်သေးတဲ့ စကားတွေကို ပြောကြားလာတာပါ။

တင်မ်ရှားဝုဒ်က “ယူနိုက်တက်ပရိသတ်တွေ နည်းနည်းလေး စိတ်လျှော့ဖို့ လိုအပ်မယ်ထင်ပါတယ်။ တကယ်လို့ ထိပ်တန်းအသင်းတွေနဲ့ တွေ့တဲ့အခါ ကစားသမားတွေက ရန်းနစ်ဂ် ကစားချင်တဲ့အတိုင်း ကစားမယ်ဆိုရင်တော့ သူ့ကို ခင်ဗျားတို့ ချီးကျူးလို့ရပါတယ်”

“ကျနော်ကတော့ ရန်းနစ်ဂ် ယူနိုက်တက်ကို ကိုင်တွယ်ခွင့်ရတာ သူ့အတွက် ကံကောင်းတယ်လို့ပဲ ထင်ပါတယ်။ ဘယ်အသင်းကမှ သူ့ကိုမခေါ်ချင်တာ။ အခု ကျနော်ပြောတာ သူနဲ့ပတ်သက်လို့ စကားလုံးတိုက်ပွဲတွေဖြစ်ဖို့ မဟုတ်ပါဘူး။ ရန်းနစ်ဂ်ကို ခေါ်ယူလို့ရတယ်။ အသင်းဘက်က သူ့ကို အသင့်တော်ဆုံးလို့ထင်ခဲ့တာပါ”

“မီဒီယာတွေနဲ့ တွေ့ဆုံတဲ့နေရာမှာတော့ သူက အရမ်းတော်ပါတယ်။ သူ ပညာသားပါပါ လှည့်ပတ်ဖြေဆိုနိုင်တယ်လေ။ ဒါပေမယ့် ကျနော်ကတော့ ရန်းနစ်ဂ် ပရိသတ်မဟုတ်ပါဘူး။ ရန်းနစ်ဂ်နဲ့ပတ်သက်လို့ သတိထားသင့်ပါတယ်”

“အရင်ကလည်း စကားပြောကောင်းတဲ့ နည်းပြတွေကို ယူနိုက်တက်မှာ တွေ့ခဲ့ဖူးတာပဲလေ။ အဲ့ဒီအတိုင်း ကွင်းထဲမှာ အသင်းကို တိုးတက်အောင် လုပ်ပြရမှာပါ။ ကျနော် ဒါကို အကြိမ်ပေါင်းများစွာ ပြောခဲ့ဖူးပါတယ်။ နည်းပြကောင်းတယောက်ဆိုတာ ကစားသမားတယောက်ချင်းစီရဲ့ အကောင်းဆုံးပုံစံတွေကို ထုတ်ယူသုံးစွဲနိုင်ရမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ 

Share

က္က