ဘာစီလိုနာကို သေချာပေါက်အနိုင်ကန်မယ်လို့ ကော်တိုအာကပြောခဲ့တာပါ။

ရီးရဲယ်မက်ဒရစ် ဂိုးသမား ကော်တိုအာက ဒီတပတ်မှာ ကစားမယ့် ဘာစီလိုနာနဲ့ အယ်ကလက်စီကိုပွဲအတွက် ပြိုင်ဘက်အသင်းကို သတိပေးစကားပြောကြားလိုက်ပါတယ်။ ရီးရဲယ်မက်ဒရစ်ဟာ နောက်ဆုံး ကစားခဲ့တဲ့ အယ်ကလက်စီကို ပွဲစဥ် ငါးပွဲလုံးကို အနိုင်ကစားခဲ့တာဖြစ်ပါတယ်။



လက်ရှိ လာလီဂါအမှတ်ပေးဇယားမှာလည်း ရီးရဲယ်မက်ဒရစ်က ဒုတိယနေရာက ဆီဗီလာကို (၁၀) မှတ်၊ တတိယနေရာက ဘာစီလိုနာကို (၁၅) မှတ်ဖြတ်ထားပြီး ရာသီကုန်မှာ ချန်ပီယံဖြစ်ဖို့ ရေပန်းစားလျက်ရှိပါတယ်။ ဘာစီလိုနာနဲ့ပွဲမှာသာ နိုင်ပွဲထပ်ရခဲ့ရင် ရီးရဲယ်မက်ဒရစ်တို့ လာလီဂါချန်ပီယံဆုအတွက် စိတ်ချရသလောက် ဖြစ်သွားဖို့ရှိပါတယ်။

အဲ့ဒါကြောင့်လည်း ကော်တိုအာက “ဒီပွဲက မတူကွဲပြားတဲ့ ပွဲတပွဲဖြစ်လာမှာပါ။ ဘာစီလိုနာက အူဘာမီးယန်းနဲ့အတူ တောင့်တင်းလာပါတယ်။ နောက်ပြီး လူငယ်တွေထဲမှာလည်း အရည်အသွေးရှိတဲ့သူတွေနဲ့အတူ အသင်းကို တည်ဆောက်ထားတာကြောင့် ခက်ခဲတဲ့ပွဲတပွဲဖြစ်လာမှာပါ။ ဒါပေမယ့် စူပါဖလားမှာ တွေ့ခဲ့တုန်းကနဲ့ နည်းနည်းလေး နှိုင်းယှဥ်လို့ရမယ်ထင်ပါတယ်”

“တူညီတဲ့ စတိုင်မျိုးနဲ့ပဲ ကျနော်တို့ နိုင်ပွဲရဖို့ ထပ်မံကြိုးစားမှာပါ။ ကျနော်တို့ရဲ့ ပရိသတ်တွေရှေ့မှာ အသင်းအတွက်၊ လာလီဂါချန်ပီယံဆုအတွက် အရေးပါတဲ့ပွဲတပွဲကို အနိုင်ကစားမှာပါ။ လက်ရှိအချိန်မှာ အမှတ်ကွာဟချက်ကြီးမားနေပေမယ့် ဘယ်အသင်းကိုမှ အနားကပ်မခံနိုင်ဘူးဆိုတာကို တနင်္ဂနွေနေ့မှာ သက်သေပြပါမယ်”

“ကျနော်တို့ကို အမှတ်ကပ်ပြီး ဖိအားပေးလာတာမျိုးကို မလိုချင်ဘဲ ဘာစီလိုနာကို သေချာပေါက် အနိုင်ကစားသွားမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ ရီးရဲယ်မက်ဒရစ်ဟာ ပထမအကျော့ ဘာစီလိုနာ အိမ်ကွင်းမှာတုန်းက အနိုင်ရရှိခဲ့သလို စပိန်စူပါဖလားအဖြစ် ကြားကွင်းမှာ ကစားခဲ့တဲ့ပွဲမှာလည်း ဘာစီလိုနာကို အနိုင်ရရှိခဲ့ဖူးပါတယ်။ 

Share

Loading Next Article...
က္က