အာဆင်နယ်ဂန္တဝင်နည်းပြဟောင်း အာစင်ဝင်းဂါးဟာ သူ့တပည့်ဟောင်း ဝဲလ်ရှိုင်းယား ကစားသမားဘဝက အနားယူသွားတဲ့အပေါ် ဝမ်းနည်းစရာကောင်းတဲ့အခိုက်အတန့်တခုအဖြစ် ရည်ညွှန်းပြောဆိုခဲ့ပါတယ်။ အသက် (၃၀) အရွယ်သာရှိသေးတဲ့ ဝဲလ်ရှိုင်းယားဟာ ကစားသမားဘဝတလျှောက်လုံး ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။
အာစင်ဝင်းဂါးစင်တင်ပေးခဲ့တဲ့ ဒီကစားသမားဟာ အင်္ဂလန်လက်ရွေးစင်အတွက်ပါ မျှော်လင့်ခြင်းခံခဲ့ရပေမယ့် အခုချိန်မှာတော့ ကစားသမားဘဝကို ကျောခိုင်းသွားခဲ့ပါပြီ။ ဝဲလ်ရှိုင်းယားဟာ (၂၀၀၈) သူ့အသက် (၁၆) နှစ်မှာတင် အာဆင်နယ်အသင်းကြီးအတွက် ပထမဆုံးကစားခွင့်ရရှိခဲ့ပြီး အသင်းနဲ့အတူ အက်ဖ်အေဖလားနှစ်ကြိမ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။
သူကိုယ်တိုင်ပျိုးထောင်၊ ပွဲထွက်ခွင့်ပေးခဲ့တဲ့ ဝဲလ်ရှိုင်းယား အနားယူသွားတဲ့အပေါ် အာစင်ဝင်းဂါးက အခုလိုပဲ ပြောကြားခဲ့ပါတယ်။ “ကျနော့်အတွက် ဝမ်းနည်းစရာ အခိုက်အတန့်ပါပဲ။ ဘာကြောင့်လဲဆိုတော့ ဂျက် (ဝဲလ်ရှိုင်းယား) က ထူးခြားကောင်းမွန်တဲ့ ကစားသမားဖြစ်လို့ပါ။ ရဲရင့်တယ်၊ အရည်အချင်းရှိတယ်၊ ဘယ်သူကိုမှလည်း မကြောက်ရွံ့ခဲ့ပါဘူး”
“အဲ့ဒါကြောင့်လည်း အရမ်းငယ်ရွယ်သေးတဲ့အချိန်မှာတင် သူက ပွဲထွက်ကစားသမားဖြစ်ခဲ့တာပါ။ နောက်ပြီး အသင်းအတွက် အဓိက,ကစားသမားဖြစ်တာကိုလည်း သူ့ရဲ့စွမ်းဆောင်ရည်တွေနဲ့ သက်သေပြခဲ့ပါတယ်” လို့ အာစင်ဝင်းဂါးက ပြောကြားသွားခဲ့ပါတယ်။ ဝဲလ်ရှိုင်းယားရဲ့ဆုံးဖြတ်ချက်မှန်ကန်တဲ့အကြောင်းကိုလည်း အာဆင်နယ်ရဲ့ သက်တော်ရှည်နည်းပြဟောင်းကြီးက “ဝဲလ်ရှိုင်းယားမှာ ထူးခြားကောင်းမွန်တဲ့ အရည်အသွေးတွေရှိပါတယ်”
“ဒါပေမယ့် ဒဏ်ရာပြဿနာတွေကြောင့် လုံလောက်တဲ့ပွဲအရေအတွက်ကို ကစားခွင့်မရရှိခဲ့ပါဘူး။ နောက်ဆုံးမှာတော့ သူ့ရဲ့ကစားသမားဘဝကို ရပ်တန့်ခဲ့ရပါတယ်။ သူ့လိုကြယ်ပွင့်တယောက်က အကောင်းဆုံးအနေအထားမှာ ဆက်မကစားနိုင်တော့တာ အရမ်းကိုခက်ခဲပါတယ်။ မျိုသိပ်ရခက်တဲ့ကိစ္စပါပဲ။ အဲ့ဒီတော့ သူ မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို ချမှတ်နိုင်ခဲ့တယ်ထင်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။