ဖေဖေမေမေတို့အနေနဲ့ ကြိုတင်လေ့လာထားသင့်ပါတယ်။

ကလေးတွေက သာမန်ထက် ဖျားနာတတ်၊ ထိခိုက်တတ်ကြပါတယ်။ ဒါကြောင့်မို့ ဖေဖေမေမေတို့အနေနဲ့ ဘေဘီလေးတွေ ကျန်းမာရေးအတွက် အရေးပေါ် အခြေအနေကြုံလာတိုင်း ဘယ်လိုပြုစုပေးသင့်လဲဆိုတာကိုသိထားပါတယ်။



ကလေးတွေအဖြစ်များတဲ့ရောဂါတွေကိုကြည့်ပါ။

အဓိကကတော့ ကိုယ့်ရဲ့ ရင်သွေးငယ်လေးတွေက ဘယ်လိုရောဂါအများဆုံးဖြစ်တတ်သလဲဆိုတာကြည့်ရပါမယ်။ ကလေးက ရာသီအကူးအပြောင်းတိုင်း ဖျားနာသလား၊ ချောင်းဆိုးသလား၊ နှာစေးသလား ဒါမျိုးတွေအတွက် အသင့်ဖြစ်စေတဲ့ဆေးမျိုး ဆောင်ပါ။ နောက်ပြီးကလေးဆိုတာမျိုး အဆော့မက်တဲ့အတွက် ခဏခဏချော်လဲတာ၊ ဒူးပြဲတာတွေအတွက်လည်း ဆေးတွေဆောင်ထားသင့်ပါတယ်။

Photo : Freepik

ဘယ်လိုဆေးအမျိုးအစားတွေဆောင်မလဲ။
ကိုယ်ပူကျဆေး

အများဆုံးအဓိကကတော့ ပါရာစီတမောလိုမျိုး ကိုယ်ပူကျဆေးတွေ ဆောင်ထားသင့်ပါတယ်။ ဆေးရဲ့ အညွှန်းမှာပါတဲ့ အတိုင်းကလေးကို တိုက်နိုင်ပြီး တကယ်လို့ ကိုယ်က ဆေးအညွှန်းတွေကို နားမလည်ဘူးလို့ သံသယရှိရင် နီးစပ်ရာ ဆရာဝန်ကို မေးမြန်းပါ။

ချောင်းဆိုးပျောက်ဆေး

 ဒါ့အပြင် ချောင်းဆိုးပျောက်ဆေးရည်၊နှာခေါင်းပိတ်နေတယ်ဆိုရင် နှာခေါင်းကိုထည့်တဲ့ ဆားရည်လိုမျိုးဆောင်ပါ။ မွေးကင်းစကလေးတွေဆိုပါက ဆေးတိုက်ရတာအဆင်မပြေတဲ့အတွက် နှာခေါင်းက တစ်ဆင့်ထည့်ရတာမျိုး လုပ်ပေးရပါတယ်။

Photo : Freepik

လေနာပျောက်ဆေး

တစ်ချို့ကလေးတွေမှာ လေနာ ရောဂါဖြစ်တတ်ပါတယ်။ တစ်ချို့ကလေးတွေကတော့ လေနာရောဂါဟုတ်၊မဟုတ် သေချာမသိနိုင်တဲ့အခါမှာ ဆရာဝန်ကိုမေးပြီးတော့မှ တိုက်တာက ပိုမိုသင့်တော်ပါတယ်။  

ဆေးတောင့်/ကိုယ်ပူကပ်ဆေး

ဆေးတိုက်ရခက်တဲ့ ကလေးတွေဆိုပါက ပါရာစီတမောကို စအိုထဲထည့်လို့ရတဲ့ ဆေးတောင့်မျိုးတွေ ဆောင်ထားပါ။ ဒါမှမဟုတ် ကိုယ်ပူကျတဲ့ကပ်ဆေး ဆောင်ထားပါ။

အရေးပေါ်ဆေးများ

ကလေးက တဖြည်းဖြည်းကြီးလာပြီး အဆော့မက်တဲ့အရွယ်ရောက်လာတဲ့အခါမှာ ထိခိုက်ဒဏ်ရာများရတတ်ပါတယ်။ ဒီလိုအခြေအနေမှာ အရက်ပြန်၊ ပတ်တီးစ ၊ ဂွမ်း ၊ ဘီတာဒိုင်း တွေစသဖြင့်ဆောင်ထားပါ။

Photo : Freepik

ဆေးအရည် အဓိကဆောင်ပါ။

ကလေးတွေအတွက် များသောအားဖြင့် ဆေးတိုက်ရလွယ်အောင် အရည်ပဲ ဆောင်ပါ။ ဆေးအလုံးတွေ က ကလေးတွေ သောက်ရတာ ခက်ခဲသလို မိဘတွေအနေနဲ့လည်း တိုက်ရခက်ခဲနိုင်တာကြောင့်ပါ။

ကလေးအတွက် အခြေခံသိထားသင့်တဲ့အရေးပေါ်အသက်ကယ်နည်း

ကလေးတွေ ဘာဖြစ်လဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ တက်တာလား၊ ပြုတ်ကျလို့ ခေါင်းကွဲသွားတာလား ဒါမှမဟုတ် ကလေးက အသက်မရှုနိုင်တော့ဘူးလား ဒါမှမဟုတ် ကလေးက တစ်ခုခုစားမိလို့ အသက်ရှုလမ်းကြောင်းပိတ်သွားတာလား စတဲ့ အခြေအနေမျိုးစုံပေါ်မှာ မူတည်ပါတယ်။

အရေးပေါ်အခြေအနေကြုံရပြီဆို ဘာလုပ်ကြမလဲ

အဓိက အရေးကြီးဆုံးက ကလေးကို အန္တရာယ်မရှိတဲ့နေရာမှာထားပြီး အသက်ရှူပေါက်လမ်းကြောင်းမပိတ်အောင်ထားရပါမယ်။ သီးတာကြောင့် အသက်ရှုလမ်းကြောင်းပိတ်နေရင် အဆို့ထုတ်တဲ့နည်းကို သိရပါမယ်။ တကယ်လို့ကလေးက အသက်မရှူဘူး သေချာတယ်ဆိုရင် နှလုံးကိုဖိပြီး ပါးစပ်နဲ့ မှုတ်ပေးကာ အသက်ရှုအောင် လုပ်ပေးပါ။

Photo : Freepik

ကလေးတက်နေရင် ဘာလုပ်မလဲ။

ကလေးက တက်ပြီဆိုရင် ပါးစပ်ထဲမှာ တစ်ခုခုစားနေတာပဲ ဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ချက်ချင်းအဲဒါတွေ ဖယ်ထုတ်ပါ၊ ပြီးရင် လှဲချပါ၊ ပြီးရင် လေပြွန်ကို အသက်ရှုလမ်းကြောင်းပွင့်နေအောင် ဆို့နေတတာတွေကို ရှင်းပြီးတာနဲ့ ခေါင်းလေးကို တည့်အောင် လုပ်ပေးပါ၊ စောင်းထားပါ ။ တက်နေပြီဆိုရင် နှိပ်တာ နင်းတာ အဲဒါမျိုးတွေကို လုံးဝမလုပ်ရပါဘူး။ ကလေးကိုအန္တရာယ်မရှိအောင်ထားပေးပြီးတော့ အသက်ရှုလမ်းကြောင်းမပိတ်အောင် အဓိက လုပ်ရပါမယ်။

ဒီနည်းလမ်းတွေက အိမ်မှာ ကလေးငယ်လေးတွေရှိတဲ့ လူကြီးမိဘတွေအနေနဲ့ အခြေခံသိထားသင့်တဲ့ အရေးပေါ်အသက်ကယ်ပြုစုနည်းတွေပဲ ဖြစ်ပါတယ်။

ဖော်ပြပါသတင်းဆောင်းပါးပါအချက်အလက်များသည် ပန်းလှိုင်ဆေးရုံကြီးမှ ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာ မြတ်မြတ်နွယ်မှ အကြံပြုဝေမျှဆွေးနွေးပေးထားခြင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က