တခြားနိုင်ငံတွေကလည်း အလားတူအကြံပြုတာတွေ ရှိပါတယ်

ဒီဂျစ်တယ်လုံခြုံရေးအရ တရုတ်နိုင်ငံ အိုလံပစ်ပြိုင်ပွဲသွားမယ့် အားကစားသမားတွေကို Burner ဖုန်းသုံးဖို့ အမေရိကန်အိုလံပစ်နဲ့ မသန်စွမ်းကော်မတီ (USOPC) က အကြံပြုထားတယ်လို့ ဆိုပါတယ်။ 

တရုတ်နိုင်ငံ ဘေဂျင်းမှာ ကျင်းပမယ့် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် အားကစားသမားတွေအနေနဲ့ ကိုယ်ပိုင်ဖုန်းအစား ဈေးသက်သာပြီး Privacy ရှိတဲ့ တစ်ခါသုံး Bruner ဖုန်းနဲ့ လက်ပ်တော့တွေ ကိုင်ဖို့ အမေရိကန်အိုလံပစ်နဲ့ မသန်စွမ်းကော်မတီ (USOPC) က ၆ လလောက် ကြိုပြီး တိုက်တွန်းထားတယ်လို့ Android Central သတင်းက ဖော်ပြပါတယ်။ 



Photo: Newsweek


ကနေဒါ ၊ နယ်သာလန်နဲ့ ယူကေက အမျိုးသားအိုလံပစ်ကော်မတီအဖွဲ့တွေကလည်း အလားတူ အကြံပြုတာတွေ ရှိတယ်လို့ ဆိုပါတယ်။ တခြားနိုင်ငံတွေ ဖြစ်တဲ့ ဆွီဒင်နဲ့ ဆွစ်ဇာလန်တွေကလည်း ဘေဂျင်းက ပြန်လာတာနဲ့ ဖျက်ဆီးပစ်နိုင်မယ့် တစ်ခါသုံးထုတ်ကုန်တွေ သုံးဖို့ ဆုံးဖြတ်ထားတယ်လို့ ပြောပါတယ်။ 

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကတည်းက အခု သတိပေးချက်ကို အမေရိကန်အားကစားသမားတွေကို ပေးပို့ခဲ့တာဖြစ်ပြီး ဒီဇင်ဘာလထဲမှာလည်း သတိပေးစာစောင်နဲ့ နောက်တစ်ကြိမ် ထပ်မံပေးပို့ခဲ့တာပါ။ စာစောင်ထဲမှာ အိုလံပစ်ပွဲတော်အတွင်း အားကစားသမားတွေရဲ့ ဆက်သွယ်ရေး ၊ ဒေတာအပို့အယူနဲ့ အွန်လိုင်းလုပ်ဆောင်ချက်တွေကို စောင့်ကြည့်နိုင်လို့ လက်ပ်တော့နဲ့ ဖုန်းတွေကို အိမ်မှာပဲ ထားခဲ့ဖို့ တိုက်တွန်းထားပါတယ်။ 

"ပေးပို့တဲ့ စာသားတွေ ၊ အီးမေးလ် ၊ အွန်လိုင်းကြည့်ရှုမှုတွေနဲ့ အက်ပလီကေးရှင်း သုံးစွဲတာတွေအားလုံးကို စောင့်ကြည့်ထိန်းချုပ်နိုင်တယ်လို့ ယူဆရပါတယ်။ သင်တို့ရဲ့ ထုတ်ကုန်တွေထဲ နောက်ပိုင်းမှာ ဆိုးဆိုးရွားရွားသက်ရောက်နိုင်တဲ့ အဖျက်အမှောက်ဆော့ဖ်ဝဲလ်တွေ ထည့်ပြီး ထိန်းချုပ်ကောင်းထိန်းချုပ်ထားနိုင်ပါတယ်။" လို့ USOPC ရဲ့ အကြံပြုလွှာမှာ ဖော်ပြထားပါတယ်။ 

Photo: list23



BBC ရဲ့ သတင်းတစ်ပုဒ်မှာလည်း ကိုဗစ်ကူးစက်မှု စောင့်ကြည့်ရေးအတွက် အိုလံပစ်ပွဲတက်ရောက်သူတိုင်း အသုံးပြုရမယ့် My2022 ဆိုတဲ့ ဘေဂျင်းအိုလံပစ်ပွဲတော် App ဟာ လုံခြုံရေးအားနည်းချက်တွေ ရှိပြီး သုံးစွဲသူတွေမှာ အချက်အလက်ပေါက်ကြားတာမျိုးနဲ့ ကြုံနိုင်တယ်လို့ ဆိုက်ဘာလုံခြုံရေးအဖွဲ့ Citizen Lab က သုတေသီတွေက ပြောထားတယ်လို့ ဖော်ပြပါတယ်။ My2022 app ဟာ အသံစကားပြော Voice Chats နဲ့ ဖိုင်ပေးပို့ရယူမှုအပြင် အိုလံပစ်ပွဲသတင်းတွေကိုလည်း ကြည့်ရှုနိုင်မယ့် App ဖြစ်ပေမယ့် ဖိုင်အများစုမှာ Encryption လုံခြုံရေး ထောက်ပံ့မထားတာကြောင့် လုံခြုံရေးပြဿနာရှိနိုင်တယ်လို့ Citizen Lab က ထောက်ပြထားတာပါ။

တရုတ်တာဝန်ရှိသူတွေဘက်ကတော့ ဒီစိုးရိမ်ချက်တွေကို ပယ်ချထားပါတယ်။ တချိန်တည်းမှာပဲ ဆိုက်ဘာလုံခြုံရေးလုပ်ငန်း Internet 2.0 ကလည်း ဘေဂျင်းအိုလံပစ်ပွဲတော်တက်ရောက်မယ့်သူတွေအနေနဲ့ Burner ဖုန်းတွေ ယူသွားပြီး တရုတ်နိုင်ငံမှာ သုံးဖို့ အီးမေးလ်အကောင့်ဖွင့်ထားဖို့လည်း အကြံပြုထားပါတယ်။ ဘေဂျင်းဆောင်းရာသီအိုလံပစ်ပွဲတော်ကို လာမယ့် ဖေဖော်ဝါရီ ၄ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ကျင်းပသွားမှာပါ။ 

Share

Loading Next Article...
က္က