ဗင်နီရှပ်ဂျူနီယာကတော့ ရီးရဲလ်မက်ဒရစ်မှာ ဘယ်ကစားသမားမှ မရခဲ့တဲ့ အခွင့်အရေးတခုကို မနေ့ညက ရရှိခဲ့ပါတယ်။ လူမျိုးရေးခွဲခြားခံရတဲ့ ပြသနာတွေကို ရင်ဆိုင်ခဲ့ရပြီးနောက် ဗင်နီရှပ်ဟာ မနေ့ညက ဗယ်လက်ကာနိုနဲ့ပွဲကို ဝင်ရောက်ကစားခြင်းမရှိခဲ့ဘဲ ပွဲကြည့်စင်ပေါ်ကနေသာ အသင်းပွဲစဉ်ကို ကြည့်ရှုအားပေးခဲ့ကာ ပရိသတ်တွေကိုလည်း နှုတ်ဆက်မှုတွေ လုပ်ခဲ့ပါတယ်။
ဒီလိုကြည့်ရှုခဲ့ရာမှာတော့ ဗင်နီရှပ်ဟာ အသင်းဥက္ကဌ ဖလော်ရင်တီနိုပီရက်ဇ်နဲ့ အတူကြည့်ခဲ့တာဖြစ်ပါတယ်။ ဒါဟာ ရီးရဲလ်မက်ဒရစ်အတွက် သမိုင်းကြောင်းတွေ ရေးထိုးပေးခဲ့တဲ့ ကစားသမားတွေအများအပြားရှိနေခဲ့ပေမယ့် ပီရက်ဇ်နဲ့အတူ အထူးခန်းထဲကနေ ဘောလုံးပွဲအတူတူကြည့်ခွင့်ရတဲ့ ကစားသမားတဦးမှမရှိခဲ့ဘဲ ဗင်နီရှပ်သာ ဒီလိုအခွင့်အရေးရခဲ့တာလို့ သတင်းထောက် ဂျိုးဆက်ပီဒရီရွယ်က ပြောဆိုခဲ့ပါတယ်။
တနည်းအားဖြင့်လည်း ပီရက်ဇ်က ဗင်နီရှပ်အပေါ် အသင်းဘက်က ဘယ်လောက်ထိ မျှော်လင့်ထားပြီး အလေးထားတယ်ဆိုတာကို ဖော်ပြခဲ့တာလည်းဖြစ်ပါတယ်။ လက်ရှိမှာ ကမ္ဘာ့အကောင်းဆုံးတောင်ပံကစားသမားလို့ ဆိုရမယ့် ဗင််နီရှပ်ဟာ ရီးရဲလ်အနာဂတ်မှာ အရေးပါတဲ့ ကစားသမားတဦးအဖြစ် သတ်မှတ်ခံထားရတယ်ဆိုတာကို ပီရက်ဇ်က လက်တွေ့ပြသခဲ့တာလည်းဖြစ်ပါတယ်။
ဗင်နီရှပ်ဟာ ကွင်းအတွင်းဝင်ခဲ့ပြီး ပရိသတ်တွေကို နှုတ်ဆက်ခဲ့ပါသေးတယ်။ သူ့ကို မက်ဒရစ်ပရိသတ်တွေကလည်း အားပေးခဲ့ကြပြီး ဘရာဇီးလ်သားအတွက်တော့ စိတ်ခွန်အားတက်စရာတွေဖြစ်ခဲ့ရပါတယ်။ ဒီလိုတွေဖြစ်ပြီးနောက် ဗင်နီရှပ်က ရီးရဲလ်ကနေ ထွက်တော့မယ်လို့ သတင်းတွေထွက်ပေါ်ခဲ့မှုကိုလည်း ပီရက်ဇ်က အကောင်းဆုံးနည်းလမ်းနဲ့ တုံ့ပြန်ပြသွားခဲ့ပြီဖြစ်ပါတယ်။