မနေ့ကတုန်းက ဂီတာဖေးအသင်းဥက္ကဌ တောရက်စ်က သူ့အသင်းကို ဂါရတ်ဘေးလ်ရဲ့ အေးဂျင့်တွေ ဆက်သွယ်လာပြီး ကစားသမားကို ခေါ်ယူဖို့အတွက် စတင်ကမ်းလှမ်းခဲ့ကြောင်း၊ အသင်းဘက်ကလည်း ဒါကို အလေးအနက် စဥ်းစားနေကြောင်း ပြောကြားခဲ့ပါတယ်။
ဒါပေမယ့် ဂီတာဖေးဥက္ကဌ ဒီလိုပြောအပြီး နာရီပိုင်းအကြာမှာတင် ဂါရတ်ဘေးလ်ရဲ့ အေးဂျင့် ဂျိုရှူအာ ဘားနက်က “ကျနော် ဂီတာဖေးဥက္ကဌရဲ့ ဖုန်းနံပါတ်ကိုတောင် မသိပါဘူး” လို့ ပြန်လည်တုံ့ပြန်လာပါတယ်။ ဂါရတ်ဘေးလ်ဟာ လက်ရှိနွေရာသီမှာ ရီးရဲလ်မက်ဒရစ်နဲ့လမ်းခွဲထားပြီး အသင်းလက်မဲ့ဖြစ်နေတာပါ။
သူ့ကိုခေါ်ယူလိုတဲ့အသင်းတွေအနေနဲ့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မှာဖြစ်ပြီး ကမ်းလှမ်းမှုက အနည်းဆုံး (၁၀) ခုနဲ့အထက်မှာရှိတယ်လို့လည်း သတင်းတွေက ဖော်ပြထားပါတယ်။ ဒီလိုအချိန်မှာ ဂါရတ်ဘေးလ်တို့ဘက်က ဂီတာဖေးကို စတင်ဆက်သွယ်ခဲ့တယ်ဆိုတဲ့သတင်းက ထူးဆန်းနေတာတော့ အမှန်ပါပဲ။
ဂါရတ်ဘေးလ်အေးဂျင့်က ကောလာဟလတွေကို တုံ့ပြန်ခဲ့အပြီးမှာတော့ ဂီတာဖေးကလည်း သူတို့ရဲ့ တရားဝင်တွစ်တာကနေ ဂါရတ်ဘေးလ်ကို ပြန်လည်လှောင်ပြောင်လာခဲ့ပါတယ်။ ဂီတာဖေးရဲ့ တွစ်တာက “ဂီတာဖေး၊ ဂီတာဖေး၊ ဂီတာဖေး၊ အဲ့ဒီအတိုင်း အစဥ်လိုက်ပဲ” လို့ ရေးသားခဲ့တာဖြစ်ပါတယ်။
ဒါဟာ ဂါရတ်ဘေးလ်ရဲ့ တချိန်က “ဝေးလ်စ်၊ ဂေါ့ဖ်၊ ရီးရဲလ်မက်ဒရစ်” ဆိုတဲ့ စာသားကို လိုက်လံလှောင်ပြောင်ခဲ့တာဖြစ်ပါတယ်။ ဂါရတ်ဘေးလ်ဟာ ရီးရဲလ်မက်ဒရစ်မှာရှိနေတုန်းက ဝေးလ်စ်လက်ရွေးစင်မှာ ကစားဖို့၊ ဂေါ့ဖ်ရိုက်ဖို့ကို ပိုမိုဦးစားပေးခဲ့တယ်လို့ လှောင်ပြောင်ခံခဲ့ရပြီး ဝေးလ်စ်ကစားသမားတွေကလည်း ဒီစာတန်းကို ကိုင်ဆောင်ကာ အောင်ပွဲခံခဲ့ဖူးပါတယ်။