ကိုယ့်ရဲ့အရပ်အမောင်းနဲ့ ရှိသင့်တဲ့ကိုယ်အလေးချိန်နည်းလွန်းနေတာကလည်း အန္တရာယ်ရှိပါတယ်။

ဒီနေ့ခေတ်ရဲ့ နေထိုင်စားသောက်မှုပုံစံတွေကြောင့် ရှိသင့်တာထက် 'ဝ'နေလို့ ဝိတ်ချဖို့ ကြိုးစားနေရသူတွေ များနေတာ အားလုံးအသိပါပဲ။



ဒါပေမဲ့ တစ်ဖက်မှာလည်း ဘယ်လောက် စားစား မဝနိုင်ဘဲ ပုံမှန်ထက် ပိန်နေတဲ့သူတွေလည်း အများကြီး ရှိနေပါတယ်။

'ဝ' တာဟာ ကျန်းမာရေးအတွက် မကောင်းကြောင်း တော်တော်များများသိကြပေမဲ့ ပိန်တဲ့လူတွေကိုတော့ 'အားကျလိုက်တာ၊ ဘယ်လောက်စားစား မဝဘူးနော်' လို့တောင် ပြောတတ်ကြပါသေးတယ်။ တကယ်တမ်းမှာတော့ ကိုယ့်ရဲ့အရပ်အမောင်းနဲ့ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် ပိုများနေတာဟာ ကျန်းမာရေးအတွက် မကောင်းသလို ကိုယ်အလေးချိန်နည်းလွန်းနေတာဟာလည်း အန္တရာယ်ရှိပါတယ်။ ကျား၊မ ကွဲပြားမှုအပေါ်မူတည်ပြီး အရပ်အမောင်းအလိုက် ရှိသင့်တဲ့ ကိုယ်အလေးချိန်ဇယားကို အောက်မှာ ဖော်ပြပေးထားပါတယ်။

Photo: Pinterest

ပုံမှန်ထက် ပိန်လွန်းနေရင် ဘယ်လိုအန္တရာယ်တွေ ရှိနိုင်လဲ

ကိုယ့်ရဲ့အရပ်အမောင်းအရ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် အလွန်အမင်း လျော့နည်းနေတဲ့သူတွေဟာ ပုံမှန်ကိုယ်အလေးချိန်ရှိသူတွေထက် ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးနိုင်ချေ ပိုမိုမြင့်မားကြောင်း ဆေးပညာသုတေသနတွေအရ တွေ့ရှိထားရပါတယ်။

ဒါ့အပြင် ကိုယ်ခံအားနည်းပါးပြီး ရောဂါအမျိုးမျိုး ကူးစက်ခံရနိုင်ချေ မြင့်မားခြင်း၊ အသက်အရွယ်ရလာတဲ့အခါကြွက်သား အားနည်းမှု ပြဿနာကြုံတွေ့ရခြင်း၊ မှတ်ဉာဏ်ချို့ယွင်းခြင်း တို့လို အန္တရာယ်တွေနဲ့လည်း ရင်ဆိုင်ရနိုင်ပါသေးတယ်။

ပုံမှန်ထက် ကိုယ်အလေးချိန် လျော့နည်းရတဲ့ အကြောင်းရင်းများ
  • ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာများကြောင့် စားသောက်မှုပုံစံ မူမမှန်ခြင်း
  • သိုင်းရွိုက်အကျိတ် ပြဿနာတစ်ခုခု ရှိနေခြင်း
  • ဆီးချို၊ ကင်ဆာ၊ အေအိုင်ဒီအက်စ် စသည့်ရောဂါများ ခံစားနေရခြင်း

တို့ကြောင့် ပုံမှန်ထက် အလွန်အမင်း ကိုယ်အလေးချိန်လျော့နည်းခြင်းမျိုး ဖြစ်တတ်ပါတယ်။

ကျန်းမာရေးနဲ့အညီ ကိုယ်အလေးချိန်တိုးအောင် ဘယ်လိုလုပ်ရမလဲ

ကိုယ့်မှာ ရောဂါကြီးကြီးမားမား တစ်ခုခုရှိနေတာ မဟုတ်ရင် နေ့စဉ် နေထိုင်၊စားသောက်မှုပုံစံကို ဂရုစိုက်လိုက်ရုံနဲ့ လူတိုင်း ကိုယ်အလေးချိန်တိုးလာနိုင်ပါတယ်။အဆီတွေနဲ့ အချိုတွေ အများကြီးစားတာလိုမျိုး အလွယ်နည်းလမ်းတွေကတော့ ကိုယ်အလေးချိန်ကို အလျှင်အမြန်တိုးစေနိုင်ပေမဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

ကျန်းမာရေးနဲ့အညီ ကိုယ်အလေးချိန်တိုးဖို့ဆိုရင် ကိုယ့်ခန္ဓာကိုယ်က နေ့စဉ်လိုအပ်တဲ့ ပမာဏထက် ပိုတဲ့ ကယ်လိုရီကို ရနိုင်မယ့် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေကို စားသုံးပေးဖို့ လိုပါတယ်။

Photo: Heal thyme

ကိုယ့်ခန္ဓာကိုယ်က တစ်နေ့ကို ကယ်လိုရီ ဘယ်လောက်လိုအပ်ပြီး ဘာတွေစားရင် ကယ်လိုရီ ဘယ်လောက်ရနိုင်တယ် ဆိုတာကို စနစ်တကျ တွက်ချက်ပြီး စားရင်ပိုကောင်းတာ မှန်ပေမဲ့ လူတိုင်းက နေ့တဓူဝ အဲဒီလောက် ဂရုစိုက်စားဖို့ မလွယ်လှပါဘူး။

ဒါကြောင့် လက်ရှိမှာ ကိုယ်နေ့စဉ်ပုံမှန် စားနေတာထက် အာဟာရပိုပြည့်ဝတဲ့ အစားအစာတွေကို ပိုပြီးများများ စားမယ်၊ နေ့စဉ် ၃ နပ်ပြည့်အောင် အချိန်မှန်စားမယ်၊ အိပ်ချိန်မှန်အောင် အိပ်မယ်၊ ဆေးလိပ်၊အရက်တို့လို ကျန်းမာရေးနဲ့ မညီညွတ်တာတွေကို ရှောင်လိုက်မယ်ဆိုရင် အနှေးနဲ့အမြန် ကိုယ်အလေးချိန်တိုးလာတာကို တွေ့ရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ကိုယ်အလေးချိန်တိုးဖို့နဲ့ ခန္ဓာကိုယ်မှာ ကြွက်သားတွေ ဖွံ့ဖြိုးလာဖို့အတွက် ပရိုတိန်းကြွယ်ဝတဲ့ ပဲအမျိုးမျိုး၊ အသားအမျိုးမျိုးကိုလည်း ပုံမှန်ထက်ပိုပြီး များများစားပေးဖို့ လိုပါတယ်။

ဒါဆိုရင် အနှေးနဲ့အမြန်ဆိုသလို အရင်ထက် ကိုယ်အလေးချိန်တိုးပြီး ကြည့်ကောင်းတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်လာမှာပဲ ဖြစ်ပါတယ်။


Ref; Healthline 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က