မန်စီးတီးအသင်းပိုင်ရှင်ရှိတ်မန်ဆော်က ပီအက်စ်ဂျီနဲ့ ဒီရာသီအပြီးမှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် တိုက်စစ်မှူးဘတ်ပီကို ဘယ်လောက်ပေးရပေးရ ခေါ်ယူဖို့အတွက် အသင်းကိုပြောဆိုလိုက်ပြီလို့ သိရပါတယ်။ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်ဖွင့်ချိန်မှာ ဘတ်ပီအတွက် စတင်ကြိုးစားဖို့အတွက်ကိုပါ ညွှန်ကြားထားတယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။
ဘတ်ပီကို ရီးရဲလ်မက်ဒရစ်ကလည်း ခေါ်ယူချင်နေပြီး ပြီးခဲ့တဲ့စျေးကွက်အတွင်း ၂ကြိမ်တိုင်တိုင်ကမ်းလှမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ဘတ်ပီနဲ့ ပီအက်စ်ဂျီတို့ စာချုပ်သက်တမ်းကုန်ဆုံးမယ့် အချိန်ကို ရီးရဲလ်ကစောင့်ဆိုင်းနေပြီး ခေါ်ယူဖို့အသင့်စီစဉ်ထားခဲ့ပါတယ်။ အသက် ၂၂နှစ်အရွယ် ပြင်သစ်တိုက်စစ်မှူးအတွက် ရီးရဲလ်က ပေါင် ၁၄၅သန်းနဲ့ တစ်ကြိမ်၊ ပေါင် ၁၆၆သန်းနဲ့ တစ်ကြိမ် ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။
မန်စီးတီးဟာ ဒီရာသီအတွက် တိုက်စစ်မှူးတစ်ဦးအလိုရှိနေခဲ့ပြီး စပါးတိုက်စစ်မှူးဟယ်ရီကိန်းကို အလေးအနက်ထားချိတ်ဆက်ခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ ရှိခဲ့ပါတယ်။ ဒါကြောင့် အသင်းမှာ တိုက်စစ်မှူးတစ်ဦးတည်းသာရှိတဲ့ အနေအထားနဲ့ ဂွာဒီယိုလာရင်ဆိုင်နေရပြီး ဇန်နဝါရီမှာ မဖြစ်မနေ တို်က်စစ်မှူးသစ်တစ်ဦးခေါ်ယူရမယ့်အချိန်မှာ ရှိတ်မန်ဆော်က ဘတ်ပီကို မရရအောင် ခေါ်ယူဖို့အတွက် ခွင့်ပြုချက်ပေးလိုက်တာဖြစ်ပါတယ်။
ဘတ်ပီကတော့ ပီအက်စ်ဂျီနဲ့စာချုပ်သစ်ချုပ်ဆိုဖို့အဆင်မပြေဖြစ်နေပြီး စာချုပ်သစ်မချုပ်နိုင်ပါက ဇန်နဝါရီမှာ နှစ်သက်ရာအသင်းတွေနဲ့ ဆွေးနွေးခွင့်ရမှာဖြစ်သလို ကြိုတင်သဘောတူညီမှုရယူနိုင်မှာလည်းဖြစ်ပါတယ်။ ပီအက်စ်ဂျီကလည်း သူတို့တိုက်စစ်မှူးကို စာချုပ်သစ်အတွက်ကြိုးပမ်းနေမှု မအောင်မြင်ပါက အလွတ်ပြောင်းရွှေ့ခွင့်မပေးရအောင် ဇန်နဝါရီမှာ ရောင်းချသွားရဖို့သာ ဆုံးဖြတ်ရတော့မှာပါ။
ကစားသမားကတော့ ရီးရဲလ်မှာကစားချင်တယ်လို့ ဖွင့်ဟခဲ့ဖူးပေမ့်လည်း မန်စီးတီးဘက်ကသာ ငွေကြေးပုံအောပြီး အသုံးပြုခဲ့ပါက အခြေအနေတွေက ပြောင်းလဲလာဖွယ်ရှိနေပါတယ်။ ရီးရဲလ်အတွက်တော့ ဒီသတင်းက သတင်းဆိုးဖြစ်လာခဲ့ပြီး မန်စီးတီးနဲ့အားပြိုင်ရတော့မှာဖြစ်ပါတယ်။