ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ သူ့ရဲ့သားအကြီးဆုံးဖြစ်တဲ့ ရော်နယ်ဒိုဂျူနီယာကို သားသမီးတွေထဲမှာ အချစ်ဆုံးလို့တောင် ဆိုရပါမယ်။ ပထမဆုံးရရှိတဲ့ သားဖြစ်တာမို့လည်း ရော်နယ်ဒိုက ဂျူနီယာကို လိုလေသေးမရှိ၊ ပြည့်စုံအောင်ထားခဲ့သူပါ။ ဒါပေမယ့် အလိုမလိုက်သင့်ရင် မလိုက်ဘူးဆိုတာတွေကိုလည်း သူ့ရဲ့ပြောစကားတွေထဲမှာ မြင်တွေ့နိုင်မှာပါ။
ဖုန်းပူဆာတာကို ဝယ်မပေးတာ၊ ကိုလာသောက်ချင်တာကိုလည်း အလွန်အကျွံမဖြစ်အောင်ထိန်းသိမ်းကြပ်မတ်တာတွေကိုကြည့်ရင် သိနိုင်ပါတယ်။ အခုလည်း သူ ဘယ်လိုဘ၀ကနေ အခုလိုအမြင့်ဆုံးအဆင့်ကို ရောက်ရှိခဲ့လဲဆိုတာကိုသိအောင် ရော်နယ်ဒိုက ဂျူနီယာကို ပညာသားပါပါနဲ့ ပြောဆိုခဲ့ပြီး အောက်ခြေမလွတ်ဖို့အတွက် ဆုံးမခဲ့ဖူးတာကို ESPN က ဖော်ပြခဲ့ပါတယ်။
TVI နဲ့ တွေ့ဆုံပြောဆိုမှုမှာ ရော်နယ်ဒိုက "လစ္စဘွန်းကို ကျနော်ခဏခဏသွားဖြစ်တယ်၊ ဂျူနီယာလည်း တချို့အချိန်တွေမှာပါတာပေါ့၊ ပြီးခဲ့တဲ့နှစ်က သူ့ကို ကျနော် ဘယ်လိုနေရာမှာကြီးပြင်းလာလဲဆိုတာကို သိစေချင်ခဲ့တယ်၊ အဲဒီမှာ ကျနော့်ရဲ့ စပို့တင်းက အခန်းဖော်ဟောင်း Paixao နဲ့ ဂျူနီယာကို ကျနော်တို့ နေခဲ့ဖူးတဲ့အခန်းဆီ ခေါ်သွားခဲ့တယ်၊ သူက ကျနော့်ကိုကြည့်ပြီးမေးတယ်"
"အဖေ၊ အဖေတကယ်ပဲ ဒီမှာနေခဲ့တာလားတဲ့၊ သူ မယုံနိုင်ဘူးဖြစ်နေတယ်၊ သူတို့က ဒီနေ့ခေတ်မှာ အရာရာကိုလွယ်ကူတယ်ထင်နေတယ်၊ ဘ၀၊ အိမ်တွေ၊ ကားတွေ၊ ကျနော်တို့ဝတ်စားဆင်ယင်နေတာတွေက ကောင်းကင်ပေါ်ကနေ ကျလာတယ်လို့ ထင်နေတာ၊ ဒါကြောင့်လည်း သူ့ကို ကျနော်ဘယ်လိုတွေကြိုစားကျော်ဖြတ်ဖြတ်ပြီး ဒီနေ့ကို ရောက်လာတယ်ဆိုတာ သိစေချင်ခဲ့တာ၊ အရည်အသွေးရှိရုံနဲ့ မလုံလောက်ဘူးလေ"
"ကလေးတွေကို ကျနော်ညွှန်ပြချင်တာက အလုပ်ကိုဘယ်လောက်ထိ ကြိုးစားအားထုတ်ရတယ်ဆိုတာ၊ နှစ်မြုပ်ခဲ့ရတယ်ဆိုတာကိုပါ၊ ဒါမှလည်း ကိုယ်လိုချင်တဲ့ အရာအားလုံးကို အောင်မြင်နိုင်မယ့်သူဖြစ်မှာပေါ့" လို့ ပြောဆိုခဲ့ပါတယ်။ ရော်နယ်ဒိုဟာ အရင်ကလည်း သူ့သားကို ဘယ်လိုတွေဆုံးမသွန်သင်လဲဆိုတာကို ဖွင့်ဟခဲ့ပြီး သူ့ရဲ့ ဆုံးမပုံနည်းလမ်းကို အားလုံးကချီးကျူးခဲ့ရပါတယ်။