လာမယ့်တပတ်ထဲမှာ အပြီးသတ်သဘောတူညီမှုရရှိမှာပါ။

ရီးရဲလ်မက်ဒရစ်နဲ့ ဒေါ့မွန်တို့ဟာ ကွင်းလယ်လူ ဂျုဒ်ဘယ်လင်ဟမ်အတွက် သဘောတူညီမှုရရှိခဲ့ပြီလို့ စပိန်သတင်းဌာနတွေက ဖော်ပြခဲ့ပါတယ်။ နှစ်သင်းကြား ပြောင်းရွှေ့ကြေးအတွက်လည်း သဘောတူညီမှုရရှိခဲ့ကာ အပြီးသတ်ဆွေးနွေးမှုတွေကို လာမယ့်တပတ်ထဲမှာ ပြုလုပ်သွားဖို့လည်း ရှိတယ်လို့ နာမည်ကျော်သတင်းထောက် ဖာဘရီဇီယိုရိုမာနိုက ရေးသားပြောဆိုခဲ့ပါတယ်။ 

နှစ်ဖက်အသင်းကြားမှာ ဘယ်လင်ဟမ်အတွက် အပိုဆုကြေးအပါအဝင် ယူရိုသန်း ၁၀၀ နဲ့ သဘောတူညီခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် လက်ရှိမှာ ဒေါ့မွန်က ဘွန်ဒက်လီဂါအမှတ်ပေးဖလားအတွက် အာရုံစိုက်နေပြီး ကစားသမားကိုလည်း အာရုံထွေပြားမှု မရှိစေချင်တာကြောင့် အပြီးသတ်သဘောတူညီမှုတွေရယူဖို့အတွက်ကို လာမယ့်တပတ်ထဲမှသာ ပြုလုပ်သွားဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ 

ရီးရဲလ်ကတော့ မိုဒရစ်နဲ့ တိုနီခရူးစ်တို့ အသက်အရွယ်ကြောင့် ခြေစွမ်းကျဆင်းလာပြီဖြစ်လို့ အစားထိုးဖို့ရာ ဘယ်လင်ဟမ်ကို အဓိကပစ်မှတ်အဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်ကွင်းလယ်လူကလည်း ဘာနေဗျူးကို ပြောင်းရွှေ့ချင်နေပြီး အသင်းအများအပြားက သူ့ကို စိတ်ဝင်စားနေပေမယ့် ရီးရဲလ်မက်ဒရစ်က လက်ဦးမှုရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

လက်ရှိမှာ ဒေါ့မွန်က ဘွန်ဒက်လီဂါနောက်ဆုံးပွဲကို အနိုင်ကစားပြီး ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ဖို့ကို အာရုံစိုက်နေပါတယ်။ ဒီရာသီမှာ ဘယ်လင်ဟမ်က ဒေါ့မွန်အသင်းခေါင်းဆောင်တဦးအဖြစ်နဲ့ပါ တာဝန်ယူခဲ့ပြီး ခြေစွမ်းပြခဲ့ပါတယ်။ ဒေါ့မွန်အတွက် ပြိုင်ပွဲစုံ ၄၂ ပွဲမှာ ၁၄ ဂိုးသွင်းကာ ၇ ကြိမ်အထိ ဘယ်လင်ဟမ်က ဖန်တီးပေးနိုင်ခဲ့ပါတယ်။ 

Share

Loading Next Article...
က္က