ဘာစီလိုနာဂန္တဝင်ကစားသမားဟောင်းကြီး စတွိုက်ကော့ဗ်က ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ ဘယ်လင်ဟမ်ဟာ အကောင်းဆုံး လူငယ်ကစားသမားဆုနဲ့ မထိုက်တန်ဘူးလို့ ပြောကြားလိုက်ပါတယ်။ ဘယ်လင်ဟမ်ဟာ ပြီးခဲ့တဲ့ ဘလွန်းဒီအော်ဆုပေးပွဲမှာ အဆိုပါဆုကို အငြင်းပွားဖွယ်မရှိ ဆွတ်ခူးခဲ့တာပါ။
ဘယ်လင်ဟမ်ဟာ ပြီးခဲ့တဲ့ရာသီမှာ ဒေါ့မွန်ရဲ့ အဓိက,ကစားသမားအဖြစ် ဆက်တိုက် ခြေစွမ်းပြခဲ့ပြီး အသင်းရဲ့ ခေါင်းဆောင်တွေထဲက တစ်ယောက်အဖြစ်ပါ သတ်မှတ်ခံခဲ့ရပါတယ်။ အဲ့ဒါကြောင့်လည်း ပြီးခဲ့တဲ့နွေရာသီမှာ ရီးရဲလ်မက်ဒရစ်က စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့တာပါ။
ရီးရဲလ်မက်ဒရစ်မှာလည်း အဆိုပါအင်္ဂလန်လူမျိုး ကွင်းလယ်လူက ဆက်တိုက် ဂိုးသွင်းခြေစွမ်းပြခဲ့ပါတယ်။ လက်ရှိမှာ ဘယ်လင်ဟမ်က ဒီရာသီ အသင်းရဲ့ ထိပ်တန်းဂိုးသွင်းရှင်တွေထဲက တစ်ယောက်အဖြစ် သတ်မှတ်ခံထားရပါတယ်။
ဒါပေမယ့်လည်း စတွိုက်ကော့ဗ်က “စည်းမျဉ်းစည်းကမ်းတွေအရ ဂါဗီက ဒီဆုအတွက် အရွေးမခံရဘူးဆိုရင် မူဆီအာလာ ဒါမှမဟုတ် ဘဲလ်ဒီကပဲ အကောင်းဆုံး လူငယ်ကစားသမားဆုကို ရသင့်ပါတယ်။ ကျွန်တော် ဘယ်လင်ဟမ်ရဲ့ တန်ဖိုးကို အသိအမှတ်မပြုတာ မဟုတ်ပါဘူး။ သူက ကမ္ဘာ့အကောင်းဆုံး အရည်အချင်းရှိ ကစားသမားတွေထဲက တစ်ယောက်ပါ”
“သူက လော့ဒရပ်၊ ကာကာ၊ ပေါ့ဘာတို့ ပေါင်းစပ်ထားတဲ့ ကစားသမားလိုမျိုး ကမ္ဘာအဆင့်ရှိတဲ့ ကစားသမားတစ်ယောက်ပါ။ အနာဂတ်မှာ ဟာလန်း၊ အမ်ဘာပေတို့နဲ့အတူ ဘလွန်းဒီအော်ဆုအတွက် တိုက်ပွဲဝင်ပါလိမ့်မယ်။ ဒါပေမယ့် သူက ပြီးခဲ့တဲ့ (၂၀၂၃) ခုနှစ်အတွင်း ဘာအောင်မြင်မှုရှိခဲ့လို့လဲ။ ဘာမှမရှိပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။