လီဗာပူးပရိသတ်တွေဟာ ဒေါ့မန်ကွင်းလယ်လူ ဂျုဘယ်လင်ဟမ်ကို ခေါ်ယူနိုင်ဖို့အတွက် GoFundMe ကမ်ပိန်းကတစ်ဆင့် အလှူငွေရှာဖွေနေတယ်လို့ သိရပါတယ်။ အသက် (၁၉) နှစ်အရွယ် ကွင်းလယ်ကြယ်ပွင့်အတွက် ဘွန်ဒက်စ်လီဂါဘက်က အနည်းဆုံး ယူရိုသန်း (၁၃၀) စျေးသတ်မှတ်ထားပြီး လီဗာပူးကတော့ ဒီပမာဏကို ပေးချေနိုင်ခြင်းမရှိကြောင်း နည်းပြ ယာဂင်ကလော့ပ်ကိုယ်တိုင်က ဖွင့်ဟထားပါတယ်။
လီဗာပူးတို့ ဘယ်လင်ဟမ်ကို မခေါ်ယူနိုင်တဲ့အပေါ် အသင်းရဲ့ဂန္တဝင်နောက်ခံလူဟောင်း ဂျင်မီကာရေဂါကလည်း ဝေဖန်ထားပြီး လက်ရှိအချိန်မှာတော့ လီဗာပူးပရိသတ်တစ်ယောက်က ဦးစီးကာ အခုလိုမျိုး ရန်ပုံငွေ ရှာဖွေနေခဲ့တာဖြစ်ပါတယ်။ ကလော့ပ်က သူတို့ပစ်မှတ်ထားနေတဲ့ ကွင်းလယ်လူ ၁၂ ဦးအထိ ရှိတယ်လို့ ပြောဆိုထားပေမယ့်လည်း ဘယ်လင်ဟမ်အတွက် ငွေကြေးကိုတော့ တတ်နိုင်ခြင်းမရှိဘူးလို့ ဆိုထားတာပါ။
ဒါကြောင့် အဆိုပါပရိသတ်က ဘယ်လင်ဟမ်ကို ခေါ်ယူနိုင်မယ့်ပမာဏဖြစ်တဲ့ ယူရိုသန်း (၁၃၀) အထိ လှူဒါန်းပေးသွားဖို့ အဆိုပါကမ်ပိန်းမှာ ပစ်မှတ်ထားပေးခဲ့ပြီး ပရိသတ်တွေကတော့ (၁၀) ပေါင်၊ ပေါင် (၅၀) အစရှိသဖြင့် လှူဒါန်းပေးလျက်ရှိပါတယ်။ ဒါပေမယ့် အခြားပရိသတ်တွေကတော့ ဒီလုပ်ရပ်အပေါ် လှောင်ပြောင်နေပြီး ပရိသတ်တွေက သူတို့နေ့လယ်စာစားမယ့် ပိုက်ဆံတွေကို ဖြုန်းတီးနေကြတယ်လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။
ဒေါ့မွန်ကလည်း ဘယ်လင်ဟမ်ကို မရောင်းချဘူးလို့ တွင်တွင်ပြောဆိုနေပေမယ့်လည်း ယူရိုသန်း ၁၀၀ ကျော်သာရရှိမယ်ဆိုရင် ရောင်းထုတ်မယ့်အနေအထားမှာရှိနေပါတယ်။ ဒီကစားသမားကို ရီးရဲလ်မက်ဒရစ်၊ လီဗာပူးလ်၊ ချယ်လ်ဆီး၊ ယူနိုက်တက်တို့လို အသင်းတွေကလည်း စိတ်ဝင်စားနေပြီး ကစားသမားရဲ့ ရွေးချယ်မှုကသာ အဓိကကျမှာဖြစ်ပါတယ်။
ဘယ်လင်ဟမ်ဟာ ဒီရာသီမှာ ဒေါ့မွန်အတွက် ပြိုင်ပွဲစုံ ၃၈ ပွဲကစားပြီး ၁၀ဂိုးသွင်းကာ ၇ ကြိမ်ဖန်တီးပေးထားပြီး အသင်းခေါင်းဆောင်ရာထူးကိုပါ ရံဖန်ရံခါ တာဝန်ယူပေးနေရတာဖြစ်ပါတယ်။