ဗီလာနဲ့ပွဲမှာ ဟက်ထရစ်သွင်း ခြေစွမ်းပြခဲ့တာပါ။

မန်စီးတီး တိုက်စစ်ကစားသမားလေး ဖီးလ်ဖိုဒန်ဟာ မနေ့ညက ဗီလာကို ၄-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ အသင်းအတွက် ဟက်ထရစ်သွင်းယူနိုင်ခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့်လည်း မန်စီးတီးတို့ ပရီးမီးယားလိဂ်မှာ နှစ်ပွဲဆက် နိုင်ပွဲပျောက်ဆုံးမှုကနေ ရုန်းထွက်လာနိုင်ခဲ့ပါတယ်။



ဒါ့အပြင် အမှတ်ပေးဇယားရဲ့ ဒုတိယနေရာအထိကို တက်လှမ်းနိုင်ခဲ့ပြီး အသင်းအတွက် အရေးပါတဲ့ နိုင်ပွဲဖြစ်ခဲ့တာပါ။ ဒီပွဲမှာတော့ ဖိုဒန်က အထူးခြေစွမ်းပြခဲ့ပြီး အသင်းရရှိခဲ့တဲ့ လေးဂိုးအနက် သုံးဂိုးကို သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် သပ်ရပ်လှပတဲ့ ဖရီးကစ်သွင်းဂိုးတစ်ဂိုးလည်း ပါဝင်ခဲ့ပြီး ဖိုဒန်အတွက် အမှတ်ရစရာ ညတစ်ညဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ဒီရာသီ ပြိုင်ပွဲစုံမှာလည်း ဖိုဒန်ရဲ့ မန်စီးတီးအတွက် သွင်းဂိုးပါဝင်ပတ်သက်မှုက (၃၁) ကြိမ်အထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဖိုဒန်ဟာ မန်စီးတီးအတွက် (၂၁) ဂိုးသွင်း၊ (၁၀) ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့တာပါ။

ဒီအရေအတွက်ဟာ ဒီရာသီ ရီးရဲလ်မက်ဒရစ်မှာ တောက်လျှောက် ခြေစွမ်းပြနေတဲ့ ဘယ်လင်ဟမ်ထက် ပိုမိုများပြားတဲ့ အရေအတွက်လည်းဖြစ်ခဲ့ပါတယ်။ ဘယ်လင်ဟမ်ကတော့ ဒီရာသီမှာ သွင်းဂိုး (၂၀)၊ ဂိုးဖန်တီးမှု (၁၀) ကြိမ်နဲ့အတူ သွင်းဂိုးပါဝင်ပတ်သက်မှုက အကြိမ် (၃၀) အထိ ပြုလုပ်ပေးထားနိုင်တာပါ။

ဒါပေမယ့် မနေ့ညက ဗီလာနဲ့ပွဲမှာ ရရှိခဲ့တဲ့ ဟက်ထရစ်က ဖိုဒန်အတွက် ဘယ်လင်ဟမ်ကိုပါ လေလောဆယ် ကျော်ဖြတ်နိုင်ဖို့ လုံလောက်စေခဲ့ပါတယ်။ ဖိုဒန်ဟာ မန်စီးတီးအကယ်ဒမီထွက် ကစားသမားတစ်ယောက်ဖြစ်ပြီး ဂွါဒီယိုလာအတွက် မရှိမဖြစ် အားကိုးရတဲ့ ကစားသမားဖြစ်လာခဲ့ပါပြီ။

Share

Loading Next Article...
က္က