အင်္ဂလန်ရဲ့ ဂန္တဝင်ကစားသမားဟောင်းကြီး ဂတ်စ်ကွိုင်နီက သူ့အနေနဲ့ ဘယ်လင်ဟမ်ရဲ့နာမည်ကို ကြားတောင်မကြားဖူးကြောင်း၊ ဂရီလစ်ရှ်နဲ့ ရပ်ရှ်ဖို့ဒ်တို့ကိုသာ သိကြောင်း ဖွင့်ဟလာခဲ့ပါတယ်။ ဘယ်လင်ဟမ်က ရီးရဲလ်အတွက် ခြေစွမ်းပြနေတာဖြစ်ပြီး ဂတ်စ်ကွိုင်နီရဲ့ ပြောစကားက အံ့အားသင့်စရာပါ။
လက်ရှိ အင်္ဂလန်ရဲ့ ယူရိုအတွက် အပြီးသတ်လူစာရင်းမှာလည်း ဘယ်လင်ဟမ်သာ ပါဝင်လာခဲ့ပြီး ဂရီလစ်ရှ်နဲ့ ရပ်ရှ်ဖို့ဒ်တို့နှစ်ယောက်စလုံး ပါဝင်လာခြင်း မရှိပါဘူး။ ဘယ်လင်ဟမ်ရဲ့ခြေစွမ်းနဲ့ ပတ်သက်လို့ မေးမြန်းခဲ့ချိန်မှာ ဂတ်စ်ကွိုင်နီက အခုလိုမျိုး ပြောကြားခဲ့တာပါ။
ဂတ်စ်ကွိုင်နီက “ကျနော် သူတို့ကို သိပ်မသိပါဘူး။ ဂရီလစ်ရှ်ကို ကျနော် သဘောကျပါတယ်။ သူက အမြဲတမ်း ဘောလုံးရချင်နေတဲ့ ကစားသမားပါ။ ဘယ်လင်ဟမ်နဲ့ ပတ်သက်လို့ ကျနော် တစ်ခါမှ မကြားဖူးပါဘူး။ နောက်ဆုံးနှစ်ပွဲလောက်ကမှ ဘယ်လင်ဟမ်နဲ့ပတ်သက်လို့ ကျနော် ကြားဖူးတာပါ”
“ကျနော် အင်တာဗျူးတစ်ခုလုပ်တုန်းက သူတို့တွေက ဘယ်လင်ဟမ်နဲ့ပတ်သက်လို့ ကျနော့်ကို ဘယ်လိုထင်လဲဆိုပြီး မေးခဲ့ကြပါတယ်။ ကျနော်က သူဘယ်သူလဲဆိုပြီး ပြန်မေးတာပေါ့။ သိပ်မကြာသေးတဲ့ ရက်သတ္တပတ်ကပဲ ဒါမျိုး ဖြစ်ခဲ့တာပါ။ သူ ရီးရဲလ်မှာ ကစားတာကို ကျနော် မြင်လိုက်တော့လည်း သူက အရည်အချင်းရှိတဲ့ ကစားသမားကောင်းဆိုတာ သိလိုက်ရပါတယ်”
“ကျနော် ရပ်ရှ်ဖို့ဒ်ကိုလည်း သဘောကျပါတယ်။ သူ့မှာလည်း ကြီးကျယ်ခမ်းနားတဲ့ အရည်အချင်းအချို့ရှိပါတယ်။ အခုထက်လည်း ပိုကောင်းလာနိုင်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။