အသင်းရဲ့ ဘဏ္ဍာရေးပြသနာတွေပြေလည်မှုမရှိသေးတာပါ။

ဒါဘီကောင်တီဟာ ပြီးခဲ့တဲ့ရာသီမှာ ချန်ပီယံရှစ်ကနေ တန်းမဆင်းရစေဖို့အတွက် အားကုန်ထုတ်ကြိုးစားခဲ့ပေမယ့် ရမှတ်လျှော့ခံရမှုတွေနဲ့ ရင်ဆိုင်ရကာ လိဂ်ဝမ်းကို တန်းဆင်းခဲ့ရပါတယ်။ ဘဏ္ဍာရေးပြသနာတွေလည်း ရှိနေပြီး အသင်းအတွက် ပိုင်ရှင်သစ်တဦးလိုအပ်နေကာ လက်ရှိအချိန်ထိ လွှဲပြောင်းတာဝန်ယူမယ့်သူမရှိသေးတဲ့အချိန်မှာပဲ အသင်းနည်းပြဝိန်းရွန်နီက နုတ်ထွက်သွားခဲ့ပြီဖြစ်ပါတယ်။ 

ရွန်နီဟာ ဒါဘီကို ကစားသမားဘ၀နဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အဲဒီနောက်မှာ ကစားသမား/နည်းပြ၊ အမြဲတမ်းနည်းပြအဖြစ် ပြောင်းလဲတာဝန်ယူခဲ့ပါတယ်။ ဒါဘီနည်းပြဘ၀မှာ ရွန်နီက အသင်းအတွက် ကျားကုတ်ကျားခဲကြိုးစားပေးခဲ့ပေမယ့်လည်း ကံဆိုးစွာနဲ့ပဲ ဒါဘီက တန်းဆင်းခဲ့ရပြီး အဆိုပါကာလတွေအတွင်းမှာ သူ့ကိုယ်ပိုင်ငွေကြေးတွေပါ ရွန်နီက စိုက်ထုတ်သုံးစွဲပေးခဲ့ပါသေးတယ်။ 

ဒါဘီကနေ သူ ထွက်ခွာတော့မယ့်အကြောင်းကိုလည်း ရွန်နီက သူ့ရဲ့ လူမှုကွန်ရက်ကနေ သတင်းထုတ်ပြန်ခဲ့ပါတယ်။ "နွေရာသီကာလမှာ အသင်းပိုင်ရှင်သစ်နဲ့ပတ်သက်ပြီး တိုးတက်ပြောင်းလဲမှုတွေကို ကျနော်အနီးကပ်စောင့်ကြည့်ခဲ့ပါတယ်၊ ဒီနေ့တော့ အသင်းကထွက်ဖို့ အချိန်တန်ပြီဆိုတာကို အသိပေးဖို့ အုပ်ချုပ်ရေးပိုင်းနဲ့ တွေ့ဆုံခဲ့ပါတယ်၊ သူတို့အတွက် ကျနော့်ဆုံးဖြတ်ချက်ကိုပြောင်းလဲဖို့ ကြိုးစားခဲ့ပေမယ့် မရခဲ့ပါဘူး"

"ဒီအသင်းမှာရှိနေတဲ့ အချိန်တွေမှာ ရိုလာကိုစတာစီးနေခဲ့ရသလို ခံစားခဲ့ရပါတယ်၊ ဒါပေမယ့် ကျနော် ဒီလိုစိန်ခေါ်မှုတွေကို နှစ်သက်တယ်လို့ ပြောရပါမယ်၊ ကျနော့်အမြင်အရတော့ အသင်းကို ဦးဆောင်ပေးမယ့် စွမ်းအင်သစ်တွေလိုအပ်နေပါတယ်၊ ဒါဘီမှာ ကျနော်ရှိနေတဲ့အချိန်တွေကို အမှတ်ရနေမှာပါ၊ ဝန်ထမ်းတွေ၊ ကစားသမားတွေ၊ ပရိသတ်တွေရဲ့ အားပေးမှုအတွကလည်း ကျေးဇူးတင်ပါတယ်၊ ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး"

"အသင်းကို လွှဲပြောင်းယူချင်တဲ့ အဖွဲ့အစည်းတွေရှိနေတယ်ဆိုတာကို ကျနော်သိပါတယ်၊ သူတို့ကို ကျနော်ပြောချင်တာက ဒါဘီက ကြီးကျယ်ခမ်းနားတဲ့ သမိုင်းကြောင်းနဲ့ ကြီးကျယ်ခမ်းနားတဲ့ ပရိသတ်တွေရှိတဲ့ အသင်းကောင်းတသင်းပါ၊ အနာဂတ်မှာ သူတို့တွေ အကောင်းဆုံးနဲ့ အောင်မြင်မှုတွေရယူနိုင်ဖို့ ဆုတောင်းပေးပါတယ်" လို့ ရွန်နီက ရေးသားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က