တော်တော်လေးကို အံ့အားသင့်စရာကောင်းခဲ့တဲ့ပွဲဖြစ်ခဲ့ပါတယ်။

အားလုံးထင်မှတ်ထားခဲ့သလိုပဲ ဝက်စ်ဟမ်းကတော့ သူတို့အိမ်ကွင်းမှာ ယူနို်က်တက်ကို အခက်တွေ့အောင် ကစားသွားပြခဲ့ပါတယ်။ ယူနိုက်တက်ကွင်းလယ်မှာ တော်မီနေးပြန်ပါလာပြီး ဆန်ချိုကို အရန်ခုံပို့ကာ ဂရင်းဝုဒ်ကို ညာခြမ်းမှာ ဆိုးလ်ရှားက အသုံးပြုခဲ့ပြီး ရော်နယ်ဒို၊ ဖာနန်ဒက်စ်၊ ပေါ့ဂ်ဘာတို့နဲ့ လူစုံခဲ့ပြီး ဒေးဗစ်မိုယက်စ်ကလည်း ပွဲပယ်ခံထားရတဲ့ တိုက်စစ်မှူးအန်တိုနီယိုကလွဲပြီး အဓိကကစားသမားအစုံအလင် အသုံးပြုခဲ့ပါတယ်။ 


ပထမပိုင်းမှာ ယူနိုက်တက်ကစားပုံက အားရစရာမကောင်းခဲ့ဘဲ ဝက်စ်ဟမ်းရဲ့ မာမာထန်ထန်ကစားပုံက သူတို့ကို ပိုပြီးအခက်တွေ့စေခဲ့ပါတယ်။ ယူနိုက်တက်ကွင်းလယ်က ဝက်စ်ဟမ်းကွင်းလယ်ကို မလွှမ်းမိုးနို်င်ခဲ့လို့ ရော်နယ်ဒိုလည်း အကျပ်အတည်းဆိုက်ခဲ့ပြီး ဝက်စ်ဟမ်းဘက်က ထိုးဖောက်မှုတိုင်းမှာ ယူနိုက်တက်တို့ မျက်လုံးပြူးခဲ့ရတဲ့အထိ ကာကွယ်နေခဲ့ရပါတယ်။ 


အဖွင့်ဂိုးကိုလည်း ဝက်စ်ဟမ်းကပဲ ရရှိခဲ့ပြီး ဘန်ရာမာရဲ့ ကန်သွင်းချက် ဗာရန်းနဲ့ထိကာ လမ်းကြောင်းပြောင်းဝင်ခဲ့တာပါ။ မိနစ် ၃၀ မှာ ဂိုးပေးလိုက်ရလို့ ယူနိုက်တက်အတွက် ဖိအားတွေရှိသွားခဲ့ပြီး ချေပဂိုးပြန်ရဖို့ကို တိုက်စစ်အားမြှင့်ကစားခဲ့ပါတယ်။ ဒါကြောင့်လည်း ၅မိနစ်အကြာမှာပဲ ဖာနန်ဒက်စ်ရဲ့ ကန်တင်ပေးမှုကနေ ရော်နယ်ဒိုပိတ်သွင်းခဲ့မှုကို ဝက်စ်ဟမ်းဂိုးသမားကာကွယ်နိုင်ခဲ့ပေမယ့် ပြန်ထွက်လာတဲ့ဘောလုံးကို ရော်နယ်ဒိုပဲ ပိတ်သွင်းယူခဲ့လို့ ချေပဂိုးရခဲ့ပါတယ်။

ဒီဂိုးက ရော်နယ်ဒိုအတွက်တေ့ာ ယူနိုက်တက်အတွက် ပွဲဦးထွက် ၃ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့တာလည်းဖြစ်လာခဲ့ပါတယ်။ ဖာနန်ဒက်စ်ရဲ့ ဘယ်ခြေနဲ့ပိတ်သွင်းချက်တိုင်ထိထွက်တာ၊ ရော်နယ်ဒိုရဲ့ ကန်သွင်းချက်ကို ဝက်စ်ဟမ်းတို့ကာကွယ်နိုင်ခဲ့တာတွေက စိတ်လှုပ်ရှားစရာအခိုက်အတန့်ဖြစ်ခဲ့ပြီး ဝက်စ်ဟမ်းဘက်ကလည်း ဂိုးရလုနီးနီးအခြေအနေတွေ ဖန်တိးနိုင်ခဲ့ကာ တုံ့ပြန်နိုင်ခဲ့ပါတယ်။ 


ဒုတိယပိုင်းမှာ အနိုင်ဂိုးရဖို့အတွက် နှစ်သင်းစလုံး အပြန်အလှန်ကြိုးစားခဲ့ကြပါတယ်။ ဝက်စ်ဟမ်းကလည်း ရှိန်မနေခဲ့ဘဲ ကစားအားကောင်းကောင်းနဲ့ ကစားခဲ့သလို ယူနိုက်တက်ကလည်း ရော်နယ်ဒိုဆီ ဘောလုံးရောက်အောင်ပို့ပေးဖို့ ပိုအာရုံစိုက်ပြီး ကြိုးစားခဲ့ပေမယ့် နှစ်သင်းစလုံးက အပြန်အလှန်ဟန့်တားနိုင်ခဲ့ကြပါတယ်။ ဒါကြောင့်လည်း အကြိတ်အနယ်ရှိပြီး ပိုကြည့်ကောင်းခဲ့ပါတယ်။ 

အနိုင်ဂိုးရဖို့အတွက် အားထုတ်နေခဲ့တဲ့ ယူနိုက်တက်ဟာ ပွဲချိန် ၈၈ မိနစ်မှာတော့ လူစားဝင်ကစားသမားလင်ဂတ်ရဲ့ သွင်းဂိုးကို ရရှိသွားခဲ့ပါတယ်။ ယန်းဘွိုင်းနဲ့ပွဲမှာ အသင်းအရေးနိမ့်စေခဲ့တဲ့ တရားခံဖြစ်ခဲ့တဲ့ လင်ဂတ်ဟာ ပြီးခဲ့တဲ့ရာသီက အငှားနဲ့သွားကစားခဲ့တဲ့ ဝက်စ်ဟမ်းဘက်ကို ဂိုးဧရိယာအတွင်းကနေ လှလှပပကန်သွင်းယူပြီး ယူနိုက်တက်အတွက် အနိုင်ဂိုးရယူပေးခဲ့လို့ ၂-၁ နဲ့ ယူနိုက်တက်ဦးဆောင်သွားခဲ့ပါတယ်။

ဒါပေမယ့်လည်း နာကျင်အချိန်ပိုမှာ တိုက်စစ်ဆင်လာတဲ့ ဝက်စ်ဟမ်းတို့ ထိုးဖောက်နေရင်း လုခ်ရှောလက်နဲ့ထိလို့ ယူနိုက်တက်တို့ ပင်နယ်တီပြန်ပေးခဲ့ရပါတယ်။ နောက်ဆုံးအချိန်ထိ စိတ်လှုပ်ရှားစရာကောင်းခဲ့ပြီး မိုယက်စ်က ပင်နယ်တီကန်သွင်းဖို့ နိုဘယ်ကိုတောင် ထည့်သွင်းစေခဲ့ပါတယ်။ ဒါကပဲ ယူနိုက်တက်အတွက် ကံကြမ္မာဖြစ်ခဲ့ နိုဘယ်ရဲ့ ပင်နယ်တီကို ဒီဂီယာကာကွယ်သွားခဲ့လို့ ၂-၁ နဲ့ ယူနိုက်တက်အနိုင်ရရှီသွားခဲ့ပါတယ်။ 


Share

က္က