နယူးကာဆယ်နဲ့ပွဲမှာ လီဗာပူးလ်အတွက် အနိုင်ဂိုးတစ်ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့နောက် ဒီရာသီမှာ ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူးဆာလာဟာ ပရီးမီးယားလိဂ်စံချိန်တစ်ခုကို လိုက်မီခဲ့ပြန်ပြီဖြစ်ပါတယ်။ ဆာလာဟာ အသင်းကို ၂-၁ နဲ့ ဦးဆောင်စေမယ့်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပြီး ဂျင်မီဗာဒီရဲ့ စံချိန်ကို လိုက်မီသွားခဲ့တာလည်းဖြစ်ပါတယ်။
ပရီးမီးယားလိဂ်သွင်းဂိုး ၁၅ ဂိုးအထိ ရရှိထားကာ ရွှေဖိနပ်ဆုအတွက်လည်း ဆာလာက ပြတ်ပြတ်သားသားနဲ့ ဦးဆောင်နေပြီဖြစ်ပါတယ်။ လီဗပူးလ်ကိုရောက်ရှိလာခဲ့ပြီးကတည်းက ပရီးမီးယားလိဂ်မှာ တရာသီကိုအနည်းဆုံးသွင်းဂိုး ၁၉ ဂိုးအထိ ဆာလာက ရယူထားနိုင်ခဲ့ပြီး အဆိုပါစံချိန်ကို ဆက်ထိန်းနိုင်ဖို့အတွက်ကလည်း ၄ ဂိုးသာ လိုအပ်တော့တာဖြစ်ပါတယ်။
အမှတ်ပေးပွဲ နောက်ထပ် ၂၁ ပွဲအထိ ကစားဖို့ကျန်နေသေးတာကြောင့် ဒီစံချိန်ကိုထိန်းသိမ်းဖို့ကလည်း သေချာသလောက်ရှိနေခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ပြိုင်ပွဲစုံသွင်းဂိုး ၃၁ ဂိုးရရှိခဲ့ပြီး ဒီရာသီမှာ ၂၂ဂိုး ရနေပြီဖြစ်လို့ ၉ ဂိုးထပ်သွင်းရုံနဲ့ အဆိုပါမှတ်တမ်းကိုလည်း ထိန်းသိမ်းနိုင်ဦးမှာဖြစ်ပါတယ်။