ဘဝပေးကုသိုလ်ကံတွေကြောင့် ဘဝကို ခက်ခက်ခဲခဲ ဖြတ်သန်းလာရတဲ့ သရုပ်ဆောင် နွယ်နီဟာ လောကဓံ ရဲ့ တိုက်ခိုက်မှုကို ကြံ့ကြံ့ခံနိုင်အောင် ကြိုးစားနေသူပါ။
ကင်ဆာရောဂါ ဝေဒနာကို ခံစားနေရပြီး ဘဝရပ်တည်ဖို့ အတွက် စျေးရောင်းပြီး စားဝတ်နေရေးအတွက် ကြိုးစားနေရတဲ့ သူမဟာ ဟိုးအရင်ကတည်းကရှိခဲ့တဲ့ အိမ်ပိုင်လိုချင်တဲ့ အိပ်မက်လေးတစ်ခုကို အကောင်အထည်ဖော်ဖို့ စိတ်အားထက်သန်နေဆဲပါ။
“အစ်မ အခုလက်ရှိကတော့ ဆောက်လုပ်ရေး လိုင်းခန်းလေးမှာ နေနေပါတယ်။ အမေ့နာမည်နဲ့ ရထားတဲ့ လိုင်းခန်းလေးပေ့ါ။ ကိုယ့်မိသားစုလေးနဲ့ အိုးပိုင်အိမ်ပိုင်လေး နေချင်တာပေ့ါ။ ဒါတွေကတော့ စိတ်ကူး အိပ်မက်လို့ပဲ ပြောရဦးမှာပေ့ါ။ အကောင်အထည် မဖော်နိုင်သေးဘူးလေ။ အကောင်အထည် ဖော်ဖို့က မိမိ့ကိုမှာ တာဝန်ရှီတယ်။ အစ်မအစတုန်းက စိတ်ကူးအိပ်မက်တွေ ရှိခဲ့တယ်၊ ဒါပေမယ့် အခြေအနေ အကြောင်းအကြောင့် အိမ်ထောင်ရေး ကံမကောင်းခဲ့တာရော ကိုယ့်ရဲ့ ရွေးချယ်မှု မှားခဲ့တဲ့အတွက် ဒီအိပ်မက်ကို အကောင်အထည် မဖော်နိုင်ခဲ့ပါဘူး။ အစ်မကတော့ လက်ရှိအချိန်ထိ ကြိုးစားနေတာပဲ။ အခုဆိုရင် အမစျေးရောင်းရင်းရတဲ့ ပိုက်ဆံလေးတွေကို စုပြီး အတတ်နိုင်ဆုံး ကြိုးစားနေတယ်ဆိုတော့ မျှော်လင့်ချက် ရောင်ခြည်လေးကတော့ သန်းစပြုလာပါပြီ “ ဆိုပြီး သူမရဲ့စိတ်ကူးအိပ်မက်လေးကို အကောင်အထည် ဖော်နိုင်ဖို့ ကြိုးစားနေကြောင်း Duwun ကို ပြောပြခဲ့တာပါ။
သူမအနေနဲ့ စီးပွားရေးလုပ်ငန်းကို အခုမှ စလုပ်နေရတာ ဖြစ်လို့ သူများတွေနောက် မကျန်ခဲ့အောင် ကြိုးစားနေသူပါ။ လက်ရှိ သူမရောက်နေတဲ့ ဘဝအခြေအနေနဲ့ပတ်သက်ပြီးတော့လည်း သိမ်ငယ် အားငယ်စိတ်မရှိခဲ့ဘူးလို့ ဆိုပါတယ်။
“ဒီခေတ်ဒီအခါကြီးမှာ အဲဒီလိုမျိုးတွေ မတွေးဘူး။ အခု အစ်မ လိုင်းခန်းနေရတဲ့အတွက် အိမ်ငှားခ မပေးရဘူး၊ တစ်လတစ်လ အိမ်ငှားခ ပေးဖို့ကို မပူရဘူးပေ့ါနော်။ အဲ့ဒါလေးတော့ ဝန်ပေ့ါတယ်။ သိမ်ငယ်တဲ့ စိတ်တော့ မရှိဘူး။ လူဆိုတာက အမြဲတမ်းကြီးလည်း နိမ့်ကျမနေသလို အမြဲတမ်းကြီးလည်း အမြင့်မှာ မနေဘူးလေ အဲ့အတွက် ဒီလိုနေရလို့ ဆိုပြီးဝမ်းနည်းတာ မရှိပါဘူး။ ဘယ်နေရာကိုရောက်ရောက် အမြဲတမ်း ကြိုးစားနေရမှာလေ။အမကတော့ ကြိုးစားနေတယ်။အခွင့်အရေးမရခဲ့တာ ကံမပေးသေးတာကြောင့် လိုင်းခန်းနဲ့ နေရပေမယ့် အမကြိုးစားနေတာ ဖြစ်လို့ သိမ်ငယ်စိတ်ဂုဏ်ငယ်စိတ်တော့ မရှိဘူး။ လိုင်းခန်းမှာနေလို့ အမကို နှိမ်လည်း အမတော့ မကြိုက်ဘူး” ဆိုပြီး သူ့ရဲ့ ခံစားချက်လေးကို ရင်ဖွင့်ခဲ့ပါသေးတယ်။
သရုပ်ဆောင် နွယ်နီဟာ လက်ရှိမှာ 'မူလ လှည်းကလေးနဲ့ ချစ်မ' ဆိုတဲ့နာမည်နဲ့ အထောင်းစုံနဲ့ ရခိုင်မုန့်တီဆိုင်လေးကို နေအိမ်အရှေ့မှာ ဖွင့်လှစ်ထားတာဖြစ်ပါတယ်။ အသက်(၁၈)နှစ်ကတည်းက အနုပညာလောကထဲ ဝင်ရောက်လာတဲ့သူမဟာ ကျရာဇာတ်ရုပ်မှာ ပီပြင်စွာ သရုပ်ဆောင် နိုင်သူ တစ်ဦးဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကိုလည်း အထိုက်အလျောက် ရရှိထားတဲ့ ဇာတ်ပို့သရုပ်ဆောင် တစ်ဦးလည်း ဖြစ်ပါတယ်။လက်ရှိမှာတော့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလေးကို လုပ်နေပြီး သူရဲ့ ဘဝရည်မှန်းချက်တွေအတွက် အကောင်အထည် ဖော်နိုင်ဖို့ ကြိုးစားလျက်ရှိတာတွေ့ရပါတယ်။