ယူနိုက်တက်နည်းပြသစ်ရန်းဂ်နစ်ခ်ကတော့ သူ့ရဲ့ပထမဆုံးပွဲမှာ အသင်းအတွက် အကောင်းဆုံးကစားပြနိုင်ခဲ့တဲ့ တိုက်စစ်မှူးရော်နယ်ဒိုကို ချီးကျူးမှုတွေပြုလုပ်သွားခဲ့ပါတယ်။ ပဲလေ့စ်ကို ၁-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ရော်နယ်ဒိုက ပွဲထွက်ပါဝင်လာခဲ့ပြီး ၄-၂-၂-၂ ဆိုတဲ့ ရန်းဂ်နစ်ခ်ရဲ့ ကစားကွက်အသစ်မှာ အံဝင်အောင်ကစားပြခဲ့တာလည်းဖြစ်ပါတယ်။
အဆိုပါပွဲမှာတော့ ဖရက်ဒ်ရဲ့ ကိုက် ၂၀ အကွာက သွင်းဂိုးတဂိုးတည်းနဲ့ ယူနိုက်တက်တို့ အနိုင်ရရှိခဲ့ပြီး ရော်နယ်ဒိုကတော့ ဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့ပါဘူး။ ဒါပေမယ့် pressing အားပြုကစားခဲ့တဲ့ ရန်းဂ်နစ်ခ်ရဲ့ ဗျူဟာမှာ သူ တော်တော်လေးကောင်းအောင် ကစားနိုင်ခဲ့တယ်လို့ နည်းပြကိုယ်တိုင်က ချီးကျူးသွားခဲ့ပြီး ဘယ်လိုကစားကွက်မျိုးမှာမဆို ရော်နယ်ဒိုက အဆင်ပြေအောင် ကစားနိုင်တယ်လို့တောင် ပရိသတ်တွေက ချီးကျူးခဲ့ကြပါတယ်။
ရန်းဂ်နစ်ခ်က သူ့ကစားကွက်မှာ ရော်နယ်ဒိုနဲ့အတူ ရက်ရှ်ဖို့ဒ်ကို တိုက်စစ်နေရာမှာထားကစားခဲ့ပြီး ဆန်ချိုနဲ့ ဖာနန်ဒက်စ်တို့က နံပါတ် ၁၀ နေရာတွေမှာ ကစားပေးခဲ့ရပါတယ်။ တချိန်တည်းမှာပဲ ဆန်ချိုနဲ့ဖာနန်ဒက်စ်က ကွင်းလယ်အတွင်းပိုင်းကိုလည်း ဝင်ကစားပေးရသလို တောင်ပံတွေထွက် ကစားခဲ့ရပြီး wing-backs ပုံစံအဖြစ်ပါ အသွင်ပြောင်းခဲ့ရကာ ဒိကစားကွက်မှာ အကောင်းဆုံးဖြစ်ခဲ့တယ်လို့ ရန်းဂ်နစ်ခ်က ဝန်ခံခဲ့ပါတယ်။
နာမည်ကျော်နည်းပြတွေဖြစ်တဲ့ ဖာဂူဆန်၊ မော်ရင်ဟို၊ အန်ဆယ်လော့တီ၊ ဇီဒန်း၊ အယ်လီဂရီ၊ ဆာရီတို့လက်အောက်မှာရော၊ ပီယာလို၊ ဆိုးလ်ရှားနဲ့ မိုက်ကယ်ကာရစ်တို့လက်အောက်မှာပါ အဓိကတိုက်စစ်မှူးအဖြစ်ကစားနိုင်ခဲ့တဲ့ ရော်နယ်ဒိုက ပထမဆုံးအကြိမ်အဖြစ် တောင်းဆိုမှုမြင့်မားတဲ့ ရန်းဂ်နစ်ခ်ရဲ့ ကစားကွက်မှာပါ လိုက်လျောညီထွေကစားနိုင်ခဲ့ပြီး ဘယ်လိုကစားကွက်မှာမဆို သူ အဆင်ပြေတယ်ဆိုတာကို သက်သေပြနိုင်ခဲ့ပါတယ်။