ဘလွန်းဒီအော် ဆွတ်ခူးပြီးတဲ့နောက် ပြောကြားခဲ့တာပါ။

အာဂျင်တီးနားနဲ့ အင်တာမိုင်ယာမီတို့ရဲ့ ကစားသမား မက်ဆီက သူ့ရဲ့ ကစားသမားဘဝအတွက် (၈) ကြိမ်မြောက် ဘလွန်းဒီအော်ဆုကို မနေ့ညက ဆွတ်ခူးရရှိခဲ့ပါပြီ။ မက်ဆီအတွက်တော့ ဒါက နောက်ဆုံးသော ဘလွန်းဒီအော်ဆုလည်း ဖြစ်သွားနိုင်တာကို သူကိုယ်တိုင်က လက်ခံပြီးသားပါ။



မက်ဆီဟာ ပြီးခဲ့တဲ့ရာသီက ပီအက်စ်ဂျီမှာ ရုန်းကန်ခဲ့ရပေမယ့် အာဂျင်တီးနားနဲ့အတူ (၂၀၂၂) ခုနှစ် ကမ္ဘာ့ဖလားကို ဆွတ်ခူးရရှိခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း အနီးဆုံးပြိုင်ဘက်တွေဖြစ်တဲ့ အမ်ဘာပေ၊ ဟာလန်းတို့ကို ကျော်ဖြတ်ကာ အခုလိုမျိုး (၂၀၂၃) ခုနှစ်ရဲ့ ဘလွန်းဒီအော်ဆုကို ဆွတ်ခူးခဲ့တာပါ။
ဘလွန်းဒီအော်ဆုကို ဆွတ်ခူးပြီးတဲ့နောက်မှာတော့ မက်ဆီက “ဆုတံဆိပ်တွေအားလုံးက အမြဲတမ်း ထူးခြားခမ်းနားပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ အသင်းလိုက်အရေးပါမှုကို နားလည်ပါတယ်။ ဒါက ဒုတိယပါပဲ။ မန်စီးတီးကို ခင်ဗျားတို့ ကြည့်လိုက်ပါဦး။ သူတို့က အကောင်းဆုံး အသင်းဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့ရာသီက ဆုဖလားအားလုံးကို ဆွတ်ခူးခဲ့ပါတယ်”
“ကျွန်တော်က ကမ္ဘာပေါ်မှာ အကောင်းဆုံးအသင်း၊ အကောင်းဆုံးသမိုင်းကြောင်းရှိတဲ့ အသင်းမှာ ကစားခွင့်ရခဲ့ပြီး ကံကောင်းခဲ့ပါတယ်။ တစ်ဦးချင်း ဆုတံဆိပ်တွေ အများကြီး ဆွတ်ခူးနိုင်ခဲ့တာ ဒီအချက်ကို ကျေးဇူးတင်မှာပါ။ အာဂျင်တီးနားနဲ့အတူ ကျွန်တော် အရမ်းခက်ခဲတဲ့အချိန်တွေကို ဖြတ်သန်းခဲ့ရပါတယ်”
“ဒါပေမယ့် ကိုပါအမေရိကနဲ့ ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ဖို့ ကျွန်တော် ဘယ်တုန်းကမှ အရှုံးမပေးခဲ့ပါဘူး။ အဲ့ဒီအတွက်လည်း ကျွန်တော် ဂုဏ်ယူမိပါတယ်။ မာရာဒိုနာရေ ပျော်ရွှင်စရာ မွေးနေ့ဖြစ်ပါစေ၊ သူ့ကို ဂုဏ်ပြုဖို့ ကစားသမားတွေ၊ ရွှေဘောလုံးတွေနဲ့ ပြည့်နေတဲ့ ဒီနေရာလောက် ပိုကောင်းတာမျိုး မရှိပါဘူး။ ဒီဘလွန်းဒီအော်က သူ့အတွက်၊ အာဂျင်တီးနားတစ်နိုင်ငံလုံးအတွက်ပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က