ယူနိုက်တက်နည်းပြ ရန်းနစ်ဂ်ဟာ ယူနိုက်တက် ကစားသမားတွေရဲ့ စွမ်းဆောင်ရည်အပေါ် တော်တော်လေး အံ့အားသင့်စိတ်ပျက်နေရတယ်လို့ သိရှိရပါတယ်။ အဆိုပါဂျာမန်နည်းပြကြီးဟာ ယူနိုက်တက်ကို (၆) လခွဲစာချုပ်နဲ့ ယာယီကိုင်တွယ်ပေးနေတာပါ။
သူ့လက်ထက်မှာ အများကြီးတိုးတက်လာဖို့ ပရိသတ်တွေက မျှော်လင့်ခဲ့ပေမယ့် လက်တွေ့မှာတော့ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့တောင် လွဲချော်ရဖို့ရှိနေပါတယ်။ အခု Mirror သတင်းဌာနရဲ့ ဖော်ပြချက်အရ ယူနိုက်တက်အတွက် ကစားပေးဖို့ မထိုက်တန်တဲ့ ကစားသမားတွေရဲ့အမည်စာရင်းကို ရန်းနစ်ဂ်က အဲရစ်တန်ဟက်ခ်ဆီ ပေးသွားမယ်လို့ သိရှိရပါတယ်။
ဒါ့အပြင် အသင်းအမှုဆောင်ချုပ် ရစ်ချက်အာနိုးလ်နဲ့ ဘောလုံးဒါရိုက်တာ ဂျွန်မာတာ့ဖ်တို့ကလည်း လက်ရှိအသင်းအနေအထားနဲ့ပတ်သက်လို့ မကွယ်ဝှက်တမ်း တင်ပြဖို့ ရန်းနစ်ဂ်ကို မှာကြားထားပါတယ်။ ရန်းနစ်ဂ်ဟာ အသင်းမှာရှိတဲ့ ကစားသမားတွေရဲ့ ပရော်ဖက်ရှင်နယ်မပီသမှုအပေါ် တော်တော်လေး တုန်လှုပ်နေရတယ်လို့ သိရပါတယ်။
ကစားသမားတွေဟာ တကိုယ်ကောင်းဆန်လွန်းခြင်း၊ လိုအပ်တာထက်ပိုပြီး ကြွားလုံးများပြားနေခြင်း၊ အရည်အသွေး ကင်းမဲ့လွန်းခြင်းဆိုတဲ့ ဂုဏ်သတ္တိတွေနဲ့ ပြည့်စုံနေတယ်လို့ ရန်းနစ်ဂ်က ယုံကြည်နေပါတယ်။ ဒါ့အပြင် ကစားသမားတွေဟာ နည်းပြတောင်းဆိုတဲ့အတိုင်း မကစားဘဲ ပြိုင်ဘက်အသင်းကြီးတွေနဲ့ ထိပ်တိုက်တွေ့ချိန်မှာ တော်တော်လေးကို အားနည်းလွန်းကြောင်းလည်း ရန်းနစ်ဂ်က အသင်းတာဝန်ရှိသူတွေကို အသိပေးထားပါတယ်။
အောင်မြင်မှုတွေကို ဆာလောင်ဖို့၊ စိတ်အားထက်သန်မှုအပြည့်ရှိဖို့၊ အရည်အသွေးမြင့် လူငယ်ကစားသမားတွေကို ရေရှည်အတွက် စဥ်းစားခေါ်ယူသင့်ကြောင့် ရန်းနစ်ဂ်ကပြောကြားထားပါတယ်။ အထူးသဖြင့် နောက်တန်းက ဝမ်ဘစ်ဆာကာ၊ အဲရစ်ဘာယီနဲ့ဖီးလ်ဂျုံးစ်တို့ သုံးယောက်ဟာ အဆင့်မှီကစားသမားတွေမဟုတ်ဘူးလို့ဆိုပါတယ်။
မက်ဂွိုင်းရားက ဆိုးရွားတဲ့ကာလကို ဖြတ်သန်းနေရသည့်တိုင် လင်ဒီလော့ဖ်ရဲ့နေရာယူပုံနဲ့ ဆုံးဖြတ်ချက်ချမှုအပိုင်းကိုလည်း ရန်းနစ်ဂ်က သဘောကျနှစ်သက်ခြင်းမရှိပါဘူး။ မက်ဂွိုင်းရားနဲ့ပတ်သက်လို့လည်း ပေါင်သန်း (၈၀) အထိ အကုန်ခံထားတာကြောင့် “ပစ်ရမှာလည်း အဆီတဝင်းဝင်း၊ စားရမှာလည်း သဲတရှပ်ရှပ်” ဆိုသလိုဖြစ်နေပါတယ်။
ဒါ့အပြင် ရော်နယ်ဒို၊ ကာဗာနီ၊ အီဂါလိုတို့လို တိုက်စစ်မှူးတွေကို ခေါ်ယူခဲ့ရတဲ့အပေါ်မှာလည်း ရန်းနစ်ဂ်က ကန့်ကွက်ထားပြီး ဒီလိုမျိုး ယာယီခေါ်ယူမှုတွေက အသင်းကို အကျိုးရှိစေမှာ၊ အောင်မြင်စေမှာ မဟုတ်ဘူးလို့ဆိုထားပါတယ်။ အင်္ဂလန်သားနှစ်ယောက်ဖြစ်တဲ့ ဆန်ချို၊ ရပ်ရှ်ဖို့ဒ်တို့နဲ့ပတ်သက်လို့တော့ ရန်းနစ်ဂ်က အကောင်းမြင်နေပါတယ်။
ဒီကစားသမားနှစ်ယောက်ရဲ့ အကောင်းဆုံးပုံစံကို အဲရစ်တန်ဟက်ခ်က ထုတ်ယူသုံးစွဲနိုင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်။ ဒါ့အပြင် တိုက်စစ်မှူးတယောက် သေချာပေါက်ခေါ်ယူရမယ်လို့ ရန်းနစ်ဂ်က တပ်အပ်ပြောကြားထားပြီး ဆီဗီလာမှာ အငှားနဲ့ ကစားနေတဲ့ မာရှယ်လ်ကိုတော့ စိတ်ကူးထဲတောင် မထည့်ကြောင်းလည်း သိရှိရပါတယ်။