ခရစ္စတီယာနိုရော်နယ်ဒိုကတော့ ညက အာရပ်ကလပ်ဖလားဗိုလ်လုပွဲမှာ ခေါင်းတိုက်ဂိုးတဂိုးထပ်ရပြီးနောက် ဘောလုံးသမိုင်းမှာ ခေါင်းတိုက်သွင်းဂိုးအများဆုံးရတဲ့ ကစားသမားဖြစ်လာခဲ့ပါပြီ။ နာမည်ကျော်တိုက်စစ်မှူးဟောင်း ဂတ်မူလာရဲ့ စံချိန်ကို ၁ ဂိုးအသာနဲ့ ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပြီး ၁၄၅ ဂိုးအထိ ရော်နယ်ဒိုက ခေါင်းတိုက်ဂိုးတွေ ရရှိခဲ့တာဖြစ်ပါတယ်။
မနေ့ညကပွဲမှာ အသင်းက ၁-၀နဲ့ အရေးနိမ့်နေပြီး ကစားသမားတဦးလည်း အထုတ်ခံရချိန်မှာ ရော်နယ်ဒိုက အဖိုးတန်ချေပဂိုးကို သွင်းပေးခဲ့တာပါ။ အနိုင်ဂိုးကိုတော့ အချိန်ပိုမှာ သူက အနီးကပ်ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပြီး အယ်လ်နာဆာကို ချန်ပီယံဖြစ်စေခဲ့သလို သူကိုယ်တိုင်လည်း ရွှေဖိနပ်ဆုကို ဆွတ်ခူးသွားခဲ့ပါတယ်။
ရော်နယ်ဒိုရဲ့ ခေါင်းတိုက်သွင်းဂိုးစံချိန်ကတော့ တခြားကစားသမားတွေ လိုက်မီဖို့ရာ တော်တော်လေးကြိုးစားရမယ့် အနေအထားပါပဲ။ ဂတ်မူလာရဲ့ စံချိန်က နှစ်ပေါင်းများစွာ တည်တံ့နေခဲ့ပြီး ရော်နယ်ဒိုလို ကစားသမားမျိုးမို့သာ လိုက်မီခဲ့တာပါ။ ဒါကြောင့် ရော်နယ်ဒိုရဲ့ ခေါင်းတိုက်သွင်းဂိုးစံချိန်က လိုက်မီဖို့တောင် မဖြစ်နိုင်တော့ဘူးလို့ ပြောရင်တောင် ရပါတယ်။
ရော်နယ်ဒိုက အယ်လ်နာဆာအတွက် နောက်ဆုံးကစားပေးခဲ့တဲ့ ၅ ပွဲဆက်တိုက်ဂိုးသွင်းခဲ့ပြီး ၆ ဂိုးအထိရခဲ့ရာမှာ ခေါင်းတိုက်သွင်းဂိုးက ၃ ဂိုးအထိ ပါဝင်ခဲ့တာပါ။ ဘယ်ခြေ၊ ညာခြေကန်ချက်တွေလည်း ပါဝင်ခဲ့ပြီး သူ့ရဲ့ ဂိုးသွင်းစွမ်းရည်ကို ပြသနေဆဲဖြစ်ကာ အသင်းနဲ့အတူ ပထမဆုံးဆုဖလားကို ရယူနိုင်ခဲ့ပါပြီ။ ဒါဟာ ဆော်ဒီအမှတ်ပေးဖလားအတွက်ပါ အယ်လ်နာဆာကို စိတ်ခွန်အားပေးနိုင်ခဲ့မှာ သေချာပါတယ်။