ရူဒီဂါတယောက် အီတလီမြေကို ခြေဆန့်တော့မယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

လာမယ့်နွေရာသီမှာ ချဲလ်ဆီးနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ဂျာမန်နောက်ခံလူ ရူဒီဂါဟာ အီတလီ စီးရီးအေကလပ် ဂျူဗင်တပ်စ်နဲ့ (၄) နှစ် စာချုပ်ချုပ်ဆိုဖို့ သဘောတူညီလိုက်ပြီလို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ဒီသတင်းကိုတော့ La Gazzetta dello Sport က ဖော်ပြခဲ့တာဖြစ်ပြီး ရူဒီဂါတယောက် အီတလီမြေမှာ တနှစ်လုပ်ခ ပေါင် (၅.၄) သန်း ရရှိမယ်လို့ သိရှိရပါတယ်။



ရူဒီဂါဟာ ချဲလ်ဆီးကို တူဟယ်လ်ရောက်ရှိလာပြီးနောက်ပိုင်း မရှိမဖြစ် ကစားသမားတွေထဲက တယောက်အဖြစ် သတ်မှတ်ခံထားရပါတယ်။ ဒီကစားသမားကို စာချုပ်သစ်ချုပ်ဆိုဖို့ ချဲလ်ဆီးက ဆက်တိုက်ကြိုးစားခဲ့ပေမယ့် လက်ရှိအချိန်ထိ အဆင်မပြေခဲ့ပါဘူး။

ကနဦး ထွက်ပေါ်ခဲ့တဲ့သတင်းတွေအရ ရူဒီဂါအနေနဲ့ ရီးရဲယ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ သတင်းထွက်ခဲ့ပြီး ချဲလ်ဆီးကို ဗြိတိန်အစိုးရက အရေးယူပိတ်ဆို့မှုတွေ ပြုလုပ်လိုက်ချိန်မှာတော့ ရူဒီဂါရဲ့ စာချုပ်သစ်ကိစ္စအတွက် ဆွေးနွေးမှုအားလုံးက အဆုံးသတ်သွားခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲ ရူဒီဂါကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်ပြိုင်ဘက် ယူနိုက်တက်အပြင် ဘိုင်ယန်မြူးနစ်တို့ကပါ စိတ်ဝင်စားလာခဲ့ပါတယ်။

အခု နောက်ဆုံးရရှိတဲ့ သတင်းအရတော့ ရူဒီဂါဟာ ဂျူဗင်တပ်စ်ရဲ့ ကမ်းလှမ်းမှုအပေါ် နှုတ်အားဖြင့် သဘောတူလက်ခံလိုက်တယ်လို့ သိရပါတယ်။ ဂျူဗင်တပ်စ်တို့ ရူဒီဂါကို ခေါ်ယူဖို့ သတင်းတွေ ကျယ်လောင်ခဲ့ခြင်းမရှိဘဲ ယူနိုက်တက်၊ ရီးရဲယ်မက်ဒရစ်တို့ကသာ ဒီကစားသမားကို ခေါ်ယူဖို့ ကြိုးစားနေတယ်လို့ ဦးစားပေး ဖော်ပြခဲ့ကြတာဖြစ်ပါတယ်။  

ဂျူဗင်တပ်စ်ဟာ ပြီးခဲ့တဲ့ဆောင်းရာသီ အပြောင်းအရွှေ့မှာ ဖီအိုရင်တီးနား တိုက်စစ်မှူး ဗလာဟိုဗစ်ကို ပြောင်းရွှေ့ကြေး ယူရို (၇၅) သန်းနဲ့ ခေါ်ယူထားပြီးနောက် ရူဒီဂါကိုသာ ရောက်ရှိလာခဲ့ရင် နောက်တန်းအတွက် စိတ်ချရတဲ့ အားဖြည့်မှုတခုဖြစ်လာနိုင်တယ်လို့ သုံးသပ်ရမှာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က