အာဆင်နယ်ကလည်း စပို့တင်း လစ္စဘွန်းနဲ့ တွေ့ဆုံခဲ့ပါတယ်။

ယူရိုပါလိဂ် ၁၆ သင်းရှုံးထွက်အဆင့်အတွက် မဲခွဲပွဲကို ယနေ့နံနက်(မြန်မာစံတော်ချိန် ညနေ ၅ နာရီ ၃၀ မိနစ်)မှာ ကျင်းပပြုလုပ်ခဲ့ရာမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်းတွေဖြစ်တဲ့ ဂျူဗင်တပ်၊ အာဆင်နယ်၊ မန်ယူနိုက်တက်၊ ရိုးမားတို့ ပွဲမချောင်ခဲ့ပါဘူး။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ကြာသပတေးနေ့ညမှာ ဘာစီလိုနာအသင်းကို Play-off အဆင့်မှာ ၂ ကျော့ပေါင်း ၄-၃ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ၁၆ သင်းရှုံးထွက်အဆင့်ကို တက်ရောက်လာနိုင်ခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ သောကြာနေ့မဲခွဲရလဒ်အရ လာလီဂါကလပ်အသင်းဖြစ်တဲ့ ရီးရဲလ်ဘက်တစ်အသင်းနဲ့အတူ တွေ့ဆုံနေပြီး ပရီးမီးယားလိဂ်ဖလားပြိုင်ဘက်ဖြစ်တဲ့ အာဆင်နယ်ကလည်း စပို့တင်း လစ္စဘွန်းနဲ့ တွေ့ဆုံခဲ့ပါတယ်။

မော်ရင်ညိုရဲ့ ရိုးမားအသင်းကတော့ ရီးရဲလ်ဆိုစီဒက်နဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး စီးရီးအေထိပ်သီးအသင်းကြီးဖြစ်တဲ့ ဂျူဗင်တပ်ကတော့ ဖရိုင်းဘတ်နဲ့ တွေ့ဆုံနေတာ ဖြစ်ပါတယ်။ ယူရိုပါလိဂ်ဖလားကို ၆ ကြိမ်အထိ ဆွတ်ခူးထားနိုင်တဲ့ ဆီဗီလာအသင်းကတော့ ဖီနာဘာချီနဲ့ ကျရောက်ခဲ့ပြီး ရှက်တာဒိုးနတ်နဲ့ ဖီယင်နု၊ လေဗာကူဆင်နဲ့ ဖီရန်ဗားရို့စ်၊ ယူနီယံဘာလင်နဲ့ ယူနီယံအက်စ်ဂျီတို့ တွေ့ဆုံခဲ့ပါတယ်။

ယူရိုပါလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်တွေကို လာမယ့် မတ်လ ၉ ရက်နေ့မှာ စတင်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ဒုတိယအကျော့ပွဲစဉ်တွေကိုတော့ မတ်လ ၁၆ ရက်နေ့မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က