မန်စီးတီးကို အရေးနိမ့်ခဲ့အပြီးမှာ ချယ်လ်ဆီးကတော့ ၁၃ မှတ်အထိ ကွာဟချက်ကြီးမားသွားခဲ့ပြီဖြစ်ပြီး အမှတ်ပေးဖလားမျှော်လင့်ချက်ကို စွန့်လွှတ်ရဖို့ရှိလာခဲ့ပါပြီ။ ၁-၀ နဲ့ အရေးနိမ့်ခဲ့တဲ့ပွဲမှာ တူချယ်လ်က အသင်းတိုက်စစ်မှူးလူကာကူရဲ့ စွမ်းဆောင်ရည်အပေါ် ဒေါသထွက်နေပြီး ဒုတိယပိုင်းမှာ သူတို့ရရှိခဲ့တဲ့ တလုံးတည်းသောဂိုးပေါက်တည့်မှုအခွင့်အရေးကို လူကာကူလွဲချော်ခဲ့လို့လည်း ပိုအမျက်ထွက်စရာဖြစ်ခဲ့ရပါတယ်။
ချယ်လ်ဆီးရဲ့ ပေါင် ၉၈ သန်းတန် တိုက်စစ်မှူးဟာ တန်ပြန်တိုက်စစ်ကနေ ဘောလုံးရရှိလာချိန်မှာလည်း အသင်းဖော်ကို ပေးပို့ရာမှာ လူကျွံအနေအထားရောက်မှ ပေးပို့ခဲ့သလို သူ့ရဲ့ပေးပို့ပုံကနေ အရှိန်များသွားခဲ့ပြီး ချယ်လ်ဆီးတို့ နစ်နာခဲ့ပါသေးတယ်။ ဒါဟာ အင်တာဗျူးဖြေကြားမှုမှာ ချယ်လ်ဆီးအသင်းနဲ့ ပရိသတ်တွေကို ဒေါသထွက်စေခဲ့တဲ့ လူကာကူရဲ့ နောက်ထပ်စိတ်ပျက်ဖွယ်ရာ စွမ်းဆောင်ရည်လည်း ဖြစ်လာခဲ့ပါတယ်။
ပွဲအပြီးအင်တာဗျူးမှာတော့ တူချယ်လ်က "အလားအလာကောင်းတွေအများကြီးရှိတဲ့အခြေအနေမှာ ဘယ်သူကမှ ဖိအားမပေးဘဲနဲ့ လူကာကူက ဘောလုံးဆုံးရှုံးမှုတွေ ခဏခဏဖြစ်နေခဲ့တယ်၊ သူ့ကို ကျနော်တို့ကူညီချင်တယ်၊ ဒါပေမယ့် သူက အသင်းရဲ့တစိတ်တပိုင်းပါ၊ တခါတလေမှာသူကိုယ်တိုင်လည်း ကောင်းကောင်းလုပ်ပြနိုင်ဖို့က လိုအပ်ပါတယ်၊ သူ့မှာ ကြီးမားတဲ့အခွင့်အရေးတွေရှိခဲ့လို့လည်း ဒီပွဲမှာ ပါဝင်ခဲ့တာပါ"
လူကာကူကတော့ First Touch တွေမှာ ညံ့ဖျင်းတဲ့တိုက်စစ်မှူးအဖြစ် လူသိများပြီး ဘောလုံးပေးပို့ပုံအားနည်းတဲ့ ကစားသမားလည်းဖြစ်ပါတယ်။ ဒီအချက်တွေကို လက်ရှိမှာလည်း မပြင်ဆင်နိုင်သေးဘဲ အသင်းဖော်တွေနဲ့ချိတ်ဆက်ရာမှာ အားနည်းနေပြီး မန်စီးတိးနဲ့ပွဲမှာဆိုရင် ပထမပိုင်းတပိုင်းလုံး ဘောလုံးထိချက် ၉ ကြိမ်သာရှိခဲ့ပါတယ်။