လာလီဂါဥက္ကဌက ပြောကြားခဲ့တာပါ။

ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုကို ခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်၊ ချဲလ်ဆီး၊ အက်သလက်တီကိုတို့က ဆန့်ကျင်ခဲ့ကြပေမယ့် အခုချိန်မှာတော့ လာလီဂါဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဟာဗီယာတီဘက်စ်က ကြိုဆိုနေကြောင်း ပြောကြားလာပါတယ်။ ရော်နယ်ဒိုဟာ လက်ရှိအချိန်မှာ အသင်းသစ်ရှာဖွေရခက်ခဲနေတဲ့ အနေအထားပါ။



ဒီကစားသမားကို ဘိုင်ယန်မြူးနစ် အမှုဆောင်အရာရှိချုပ် အိုလီဗာခန်း၊ ဒါရိုက်တာ ဆာလီဟာမစ်ဇစ်တို့က ငြင်းဆန်ခဲ့ပါတယ်။ ချဲလ်ဆီးနဲ့ကိစ္စမှာလည်း အသင်းပိုင်ရှင် တော့ဒ်ဘိုလီက ရော်နယ်ဒိုကို ခေါ်ယူပြီး သူ့ရဲ့ပုံရိပ်ကို မြှင့်တင်လိုပေမယ့် နည်းပြ တူဟယ်လ်က ရော်နယ်ဒိုကို အလိုမရှိတာကြောင့် ခေါ်ယူခဲ့ခြင်းမရှိပါဘူး။

အက်သလက်တီကိုနဲ့ သတင်းထွက်လာချိန်မှာလည်း အက်သလက်တီကို ဥက္ကဌ ဆီရီဇိုက ငြင်းဆန်ပယ်ချခဲ့သလို အက်သလက်တီကိုပရိသတ်တွေကလည်း ရော်နယ်ဒိုကို အလိုမရှိကြောင်း အသည်းအသန် ဆန့်ကျင်ကန့်ကွက်ခဲ့ပါတယ်။ ဒါပေမယ့် လာလီဂါဥက္ကဌ တီဘက်စ်ကတော့ ရော်နယ်ဒိုကို လာလီဂါမှာ ပြန်မြင်လိုကြောင်း အခုလိုပဲ ပြောကြားလာပါတယ်။

တီဘက်စ်က “ကျနော် ရော်နယ်ဒိုကို လာလီဂါမှာ နောက်တကြိမ် ပြန်လည်မြင်တွေ့လိုပါတယ်။ အက်သလက်တီကို,ကို ရောက်နိုင်ခြေရှိလား၊ မရှိဘူးလားဆိုတာကိုတော့ ကျနော်လည်း မသိပါဘူး။ သူတို့သာ ရော်နယ်ဒိုကို လိုချင်တယ်ဆိုရင် ကစားသမားအချို့ကို ရောင်းထုတ်ရမှာပါ။ ဒီလိုအဆင့်အတန်းမျိုးနဲ့ ကစားသမားကို ခေါ်ယူလိုရင်တော့ ဘဏ္ဍာရေးအရ ချောင်လည်အောင် သေချာပေါက်စီစဥ်ထားရမှာပါ” လို့ ဗုဒ္ဓဟူးနေ့မှာ ပြောကြားသွားခဲ့ပါတယ်။

ဒါပေမယ့် အက်သလက်တီကိုဘက်ကတော့ ဒီသတင်းတွေကို ဆန့်ကျင်နေသလို ရော်နယ်ဒိုရဲ့ အသင်းဟောင်း ရီးရဲလ်မက်ဒရစ်ကလည်း ကစားသမားသစ် ခေါ်ယူဖို့ မရှိသေးပါဘူး။ တကယ်လို့ ခေါ်ယူဖြစ်မယ်ဆိုရင်လည်း သူတို့ရဲ့ ကစားသမားဟောင်း ရော်နယ်ဒိုကို ထည့်သွင်းစဥ်းစားသွားမှာ မဟုတ်ဘူးလို့ သတင်းတွေက ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က