သြစတြီးယားကလပ် ရက်ဒ်ဘူးလ်ဆဲလ်ဘာ့ဂ်ဟာ သူတို့ရဲ့ အသက် (၁၉) နှစ်အရွယ် တိုက်စစ်မှူး ဆက်စ်ကိုအတွက် ယူနိုက်တက်ကို အံ့အားသင့်ဖွယ် ပြောင်းရွှေ့ကြေး ပမာဏ တောင်းဆိုလိုက်ပါတယ်။ ဒီကစားသမားလေးဟာ ဥရောပရဲ့ ထွန်းတောက်လာမယ့် ကစားသမားအဖြစ် သတ်မှတ်ခံထားရပြီး နယူးကာဆယ်၊ ဘိုင်ယန်မြူးနစ်၊ ဒေါ့မွန်တို့ကလည်း စိတ်ဝင်စားနေပါတယ်။
အပြောင်းအရွှေ့ နာမည်ကျော်ဂျာနယ်လစ် ရိုမာနိုကလည်း သူ့ရဲ့တွစ်တာမှာ ယူနိုက်တက်ကလည်း ဆက်စ်ကိုအပေါ် စိတ်ဝင်စားနေတဲ့အကြောင်း ရေးသားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ဆဲလ်ဘာ့ဂ်ရဲ့ တရားဝင်တွစ်တာအကောင့်ကတဆင့် လက်မထောင်နေတဲ့ အီမိုဂျီနဲ့အတူ “ငါတို့ ကစားသမားအတွက် သန်း (၃၀၀) အပြင် ဘရူနိုဖာနန်ဒက်စ်ကိုပါ လိုချင်တယ်” လို့ ပြန် Tweet ခဲ့ပါတယ်။
ဒါပေမယ့် ဒါဟာ နောက်ပြောင်မှုတခုသာဖြစ်ပြီး တကယ်တမ်းမှာတော့ ဆဲလ်ဘာ့ဂ်ဟာ ဆက်စ်ကိုအတွက် ပြောင်းရွှေ့ကြေး ပေါင် (၅၅) သန်းသာ သတ်မှတ်ထားတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း လက်ရှိနွေရာသီမှာ ရောင်းချဖို့ အစီအစဥ်မရှိသေးဘဲ လာမယ့်နွေရာသီအပြောင်းအရွှေ့မှသာ ရောင်းချသွားဖွယ်ရှိပါတယ်။
လက်ရှိအချိန်မှာတော့ ကစားသမားရဲ့အေးဂျင့်က နယူးကာဆယ်ဘက်ကို ပိုမိုယိမ်းယိုင်နေပြီး ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းက နယူးကာဆယ်မြို့က စားသောက်ဆိုင်တခုမှာ လာရောက်စားသောက်နေတဲ့ပုံတွေ တင်ထားခဲ့ပါတယ်။ ဒါပေမယ့် နယူးကာဆယ်ဘက်ကတော့ သူတို့အနေနဲ့ ဆက်စ်ကိုနဲ့ပတ်သက်လို့ ကြိုးပမ်းမှုမရှိကြောင်း၊ ဒါပေမယ့် သဘောကျရတဲ့ ကစားသမားဖြစ်ကြောင်းဆိုပါတယ်။
ယူနိုက်တက်ကလည်း ရော်နယ်ဒိုထွက်သွားခဲ့ရင် သူ့နေရာကို ပြန်လည်အစားထိုးဖို့အတွက် ရေရှည်အလားအလာရှိတဲ့ တိုက်စစ်မှူးကို ရှာဖွေနေပါတယ်။ ဆက်စ်ကိုက ဟာလန်းထက်တောင် ပိုကောင်းတယ်ဆိုတဲ့ အမွှန်းတင်မှုတွေရှိနေပြီး ယူနိုက်တက်အနေနဲ့ ဒီဆလိုဗေးနီးယားတိုက်စစ်မှူးလေးကို အမှန်တကယ်ကြိုးစားလာမလား စောင့်ကြည့်ရမှာပါ။