ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းဟာ ပရီးမီးယားလိဂ်ကလပ် မန်စီးတီးကို ပြောင်းရွှေ့ဖို့ အရမ်းနီးစပ်နေပြီလို့ မန်စီးတီးရဲ့ လူငယ်အသင်းနည်းပြ ရှောင်ဂုတ်တာက ဆိုပါတယ်။
ဟာလန်းဟာ စပိန်စကားကို သင်ယူထားတယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက အခိုင်အမာဖော်ပြခဲ့ပြီး ရီးရဲယ်မက်ဒရစ် ဒါမှမဟုတ် ဘာစီလိုနာကိုသာ ရွေးချယ်လိမ့်မယ်လို့ အားလုံးက ယုံကြည်ခဲ့ပါတယ်။
ဒါပေမယ့် အခု ရှောင်ဂုတ်တာရဲ့ ပြောစကားကတော့ အားလုံးအတွက် စဥ်းစားစရာဖြစ်ခဲ့ရပါပြီ။ ရှောင်ဂုတ်တာဟာ သူ့ရဲ့ မန်စီးတီး ကစားသမားဘဝမှာ ဟာလန်းရဲ့အဖေ အယ်လ်ဖီဟာလန်းနဲ့ အသင်းဖော်ဖြစ်ခဲ့ပြီး ရှောင်ဂုတ်တာဆီက ဒီသတင်း ထွက်ပေါ်လာတာကြောင့် ဟာလန်းရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်လို့ ပိုမို စိတ်ဝင်စားစရာ ကောင်းလာခဲ့ပါတယ်။
ဟာလန်း မန်စီးတီးကို ရောက်လာအောင် ကူညီပေးနိုင်မလားဆိုတဲ့ မေးခွန်းအပေါ် ရှောင်ဂုတ်တာက သူ့ရဲ့တွစ်တာပေါ်မှာ “ငါတို့ ဟာလန်းကိုခေါ်ယူဖို့ အရမ်းကို နီးစပ်နေပြီ။ ငါလည်း အကောင်းဆုံးဖြစ်အောင် ကြိုးစားနေပါတယ်” လို့ ရေးသားတုံ့ပြန်ခဲ့တာဖြစ်ပါတယ်။
အခြားတဖက်မှာလည်း ဒေါ့မွန်က ဟာလန်းနေရာ အစားထိုးဖို့အတွက် လိုက်ပ်ဇစ်တိုက်စစ်ကစားသမားလေး အဒီယီမီကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ စကိုင်းစပေါ့သတင်းဌာနက ဖော်ပြခဲ့ပြီး အသက် (၂၀) အရွယ် ဒီကစားသမားလေးကလည်း ဒေါ့မွန်ကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ပြီးပြီလို့ သိရပါတယ်။
ဟာလန်းသာ အင်္ဂလန်မြေကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် မန်ချက်စတာမြေက သူ့အတွက် တခုတည်းသော ရွေးချယ်စရာဖြစ်လာဖို့ရှိနေပြီး လက်ရှိအချိန်မှာ ယူနိုက်တက်ကလည်း နောက်ဆုတ်သွားခဲ့တာကြောင့် အင်္ဂလိပ်အသင်းတွေထဲမှာ မန်စီးတီးကသာ ဟာလန်းကို ခေါ်ယူနိုင်ဖို့ အခွင့်အရေးပိုကောင်းနေပါတယ်။