ကူလီဘလီကို လှောင်ပြောင်ဝေဖန်နေကြတာပါ။

ချဲလ်ဆီးနောက်ခံလူ ကူလီဘလီကတော့ ဝေဖန်မှုတွေနဲ့ ဆက်တိုက်ရင်ဆိုင်နေရပြီဖြစ်ပါတယ်။ မနေ့က ကစားခဲ့တဲ့ပွဲမှာ ကူလီဘလီရဲ့ခြေစွမ်းက ဆိုးရွားခဲ့ပြီး အဝေးကွင်းနှစ်ပွဲဆက်မှာ ဒီကစားသမားက တော်တော်လေးကို ဒုက္ခရောက်ခဲ့တယ်လို့ ပြောရမှာပါ။



ကူလီဘလီဟာ လက်ရှိနွေရာသီ အပြောင်းအရွှေ့မှ နာပိုလီကနေ ချဲလ်ဆီးကို ရောက်ရှိလာခဲ့တာဖြစ်ပြီး စပါးနဲ့ပွဲမှာတော့ ထောင့်ကန်ဘောကတဆင့် မြေမကျကန်ချက်နဲ့ လှပတဲ့သွင်းဂိုးတဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီနောက်ပိုင်း ကစားခဲ့တဲ့ လိဒ်စ်နဲ့ပွဲမှာ ချဲလ်ဆီးက အဝေးကွင်းမှာ သုံးဂိုးပြတ်နဲ့ ဂိုးပြတ်အရေးနိမ့်ခဲ့ပြီး ကူလီဘလီကလည်း နှစ်ဝါတနီနဲ့ အထုတ်ခံခဲ့ရပါတယ်။

မနေ့ညက ဆောက်သမ်တန်ကို ၂-၁ ဂိုးနဲ့ရှုံးတဲ့ပွဲမှာ ကူလီဘလီက ပွဲပယ်ပြစ်ဒဏ်ကနေ လွတ်မြောက်သွားပြီးဖြစ်တာကြောင့် ပြန်လည်ပါဝင်လာခဲ့ပြီး ဒီပွဲမှာလည်း ဝေဖန်ပြစ်တင်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဆောက်သမ်တန်နဲ့ပွဲမှာမြင်တွေ့ခဲ့ရတဲ့ ချဲလ်ဆီးနောက်တန်းက တဦးတယောက်တည်းကို ကွက်ပြီး အပြစ်ပြောဖို့ ခက်ပေမယ့်လည်း ကူလီဘလီကတော့ ကစားသမားသစ်ဖြစ်နေတာကြောင့်လည်း ပိုမိုပစ်မှတ်ထားခံခဲ့ရပါတယ်။

ကူလီဘလီဟာ ဆောက်သမ်တန်သွင်းယူသွားတဲ့ လာဗီယာရဲ့ချေပဂိုးကို ကာကွယ်တဲ့နေရာမှာ ခန္ဓာကိုယ်ကိုစောင်း၊ ဒူးထောက်ကာကွယ်ခဲ့ပေမယ့် ဘောလုံးကို တားဆီးနိုင်ခဲ့ခြင်းမရှိဘဲ ဂိုးပေးလိုက်ရပါတယ်။ ဒီဂိုးမှာ လှောင်ပြောင်ခံနေရသလို အမ်းစထရောင်းရဲ့အနိုင်ဂိုးမှာလည်း ချဲလ်ဆီးနောက်ခံလူ (၃) ယောက်လောက် အမ်းစထရောင်းရဲ့ရှေ့မှာရှိနေသည့်တိုင် ဒီကစားသမားက (၆) ကိုက်စည်းထိပ်ကနေ ဘောလုံးကိုထိန်းပြီး အပိုင်ကန်ခွင့်ရရှိသွားခဲ့တာကြောင့် ဝေဖန်မှုတွေကျရောက်နေပါတယ်။

ချဲလ်ဆီးဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားကိုခေါ်ယူဖို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် ယူနိုက်တက်ဘက်ကရော၊ ကစားသမားဘက်ကရော ဒီအပြောင်းအရွှေ့နဲ့ပတ်သက်လို့ ဆန္ဒမရှိခဲ့ဘဲ ဒါတွေက ကောလာဟလအနေနဲ့သာ ပြီးဆုံးခဲ့ရပါတယ်။ ဒါပေမယ့်လည်း အခု ချဲလ်ဆီးမှာ မက်ဂွိုင်းရားကိုခေါ်စရာမလိုတော့ဘဲ မက်ဂွိုင်းရားဗားရှင်းရောက်ရှိနေပြီလို့ ပရိသတ်တွေက နောက်ပြောင်နေကြပြီလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က