အာဆင်နယ်ဟာ ရာသီကြိုခြေစမ်းပွဲအဖြစ် အစ်ဆွစ်ချ်နဲ့ တံခါးပိတ်ခြေစမ်းပွဲအဖြစ် ယှဥ်ပြိုင်ကစားခဲ့ကြောင်း သိရှိရပါတယ်။ ဒီပွဲမှာတော့ အာဆင်နယ်က ဂန္တဝင်ကျောနံပါတ် (၁၄) ကို ပိုင်ဆိုင်ထားတဲ့ အန်ကီတီယာရဲ့ ဟက်ထရစ်နဲ့အတူ ငါးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။
အာဆင်နယ်အတွက် နောက်ထပ်သွင်းဂိုးနှစ်ဂိုးကိုတော့ လိုကွန်ဂါ နဲ့ ဘာလိုဂန်တို့က သွင်းယူပေးခဲ့ပါတယ်။ အန်ကီတီယာဟာ ပြီးခဲ့တဲ့မေလအကုန်မှာမှ ကျောနံပါတ် (၁၄) ကို လွှဲပြောင်းဝတ်ဆင်ခဲ့တာဖြစ်ပြီး အသင်းနဲ့လည်း ပူပူနွေးနွေးစာချုပ်သက်တမ်းတိုးထားတဲ့ ကစားသမားတယောက်ဖြစ်ပါတယ်။ ဒီပွဲမှာတော့ အန်ကီတီယာတယောက် (၃၅) မိနစ်အတွင်းမှာတင် ဟက်ထရစ်ရရှိခဲ့တာပါ။
အဲ့ဒီနောက် လိုကွန်ဂါက အာဆင်နယ်အတွက် စတုတ္ထမြောက်သွင်းဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီး ပထမပိုင်းမှာ အာဆင်နယ်က လေးဂိုးပြတ်နဲ့ ဦးဆောင်ထားပါတယ်။ ဒုတိယပိုင်းမှာတော့ ဘာလိုဂန်က အာဆင်နယ်အတွက် ပွဲသိမ်းဂိုးကို သွင်းယူပေးခဲ့ပြီး ပွဲပြီးဆုံးချိန်မှာ အာဆင်နယ်တို့ ငါးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။
လက်ရှိအချိန်မှာ အသင်းအများစုက ရာသီကြိုလေ့ကျင့်ခန်းကို စတင်ခြင်းမရှိသေးဘဲ အာဆင်နယ်ကတော့ ရာသီကြိုလေ့ကျင့်ခန်းစတင်ပြီးတဲ့အပြင် ရာသီကြိုခြေစမ်းပွဲအဖြစ် အစ်ဆွစ်ချ်ကိုပါ တံခါးပိတ်ခြေစမ်းပြီး ဂိုးပြတ်အနိုင်ယူခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ အာဆင်နယ်ဘက်က လီနို၊ ဘယ်လာရင်၊ ဘန်ဝှိုက်၊ ဆီဒရစ်၊ သောမတ်စ်ပါတေး၊ ပီပီတို့လို ကစားသမားတွေ ပွဲထွက်ခဲ့ပြီး ဒုတိယပိုင်းမှာတော့ တသင်းလုံးကို လဲလှယ်ခြေစမ်းခဲ့ပါတယ်။
ခေါ်ယူထားတဲ့ ကစားသမားသစ်တွေကတော့ လက်ရှိအချိန်အထိ အာဆင်နယ်ရဲ့ ရာသီကြိုလေ့ကျင့်ခန်း အစီအစဥ်တွေမှာ ပူးပေါင်းပါဝင်နိုင်ခြင်းမရှိသေးပါဘူး။ အာဆင်နယ်ဟာ လာမယ့် ဇူလိုင် (၈) မှာ နောက်ထပ်ရာသီကြိုခြေစမ်းပွဲအဖြစ် ဂျာမနီနိုင်ငံမှာ နုရင်ဘတ်နဲ့ ယှဥ်ပြိုင်ကစားရမှာပဲဖြစ်ပါတယ်။