ချဲလ်ဆီးတိုက်စစ်မှူး လူကာကူက သူ့နာမည်ကို အလွဲသုံးစားလုပ်ပြီး အငြင်းပွားဖွယ်ရာတွေ ဖန်တီးခဲ့တဲ့ သူ့ရဲ့အေးဂျင့်ကို ပြန်လည် ဝေဖန်လိုက်ပါတယ်။ လူကာကူတယောက် သူ့အနာဂတ်အတွက် ချဲလ်ဆီးပိုင်ရှင်သစ် တော့ဒ်ဘိုလေနဲ့ ဆွေးနွေးဖို့ ဆန္ဒရှိနေတယ်လို့ ပတ်စတိုရီလိုက ပြောကြားခဲ့တာပါ။
လူကာကူဟာ (၂၀၂၂) နှစ်သစ်ကူးကာလမှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအစီအစဥ်နောက်ပိုင်းတည်းက ချဲလ်ဆီးမှာ ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးခဲ့ပြီး ပရိသတ်တွေကလည်း ဒီကစားသမားအပေါ် မကျေမလည်ဖြစ်နေပါတယ်။ လူကာကူဟာ ပြီးခဲ့တဲ့နွေရာသီကမှ အင်တာမီလန်ကနေ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ချဲလ်ဆီးကို ပြန်လည်ရောက်ရှိလာခဲ့တာပါ။
လာမယ့်နွေရာသီမှာတော့ ဒီကစားသမားရဲ့ အနာဂတ်က မတည်မငြိမ်ဖြစ်နေပြီး အခုလိုပဲ အသင်းပိုင်ရှင်သစ်နဲ့ တိုက်ရိုက်ဆွေးနွေးဖို့ ဆန္ဒရှိနေတယ်လို့ ကစားသမားရဲ့အေးဂျင့်က ပြောကြားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီအရာတွေကို လူကာကူက ငြင်းဆန်ခဲ့ပြီး သူ့ရဲ့အေးဂျင့်ကို ပြန်လည်တုံ့ပြန်သွားခဲ့ပါတယ်။
လူကာကူက “ဘယ်သူ့ဘယ်သူကိုမှ ကျနော် စကားပြောဆိုခွင့်မပေးထားပါဘူး။ ကျနော့်ပါးစပ်ကိုယ် ကျနော်ပိတ်ထားပြီး အသင်းကို ကူညီဖို့၊ တတ်နိုင်သလောက် အကောင်းဆုံးပုံစံနဲ့ ဘောလုံးရာသီကို အဆုံးသတ်နိုင်ဖို့ပဲ ကျနော် အာရုံစိုက်နေပါတယ်။ ဒီတော့ တယောက်ယောက်က ကျနော်နဲ့ ချဲလ်ဆီးအကြောင်းကို ပြောချင်ရင် ကျနော့်နာမည်ကို မထည့်ပါနဲ့” လို့ ပြောကြားသွားခဲ့ပါတယ်။
ချဲလ်ဆီးနည်းပြ သောမတ်စ်တူဟယ်လ်ကလည်း “ကျနော်ထင်တာက အေးဂျင့်အနေနဲ့ ကျနော်နဲ့ စကားမပြောဘဲ ပိုင်ရှင်နဲ့ စကားပြောမှာပါ။ သူနဲ့အသင်းပိုင်ရှင်နဲ့ တွေ့ဖြစ်၊ မတွေ့ဖြစ် စောင့်ကြည့်ရမှာပေါ့။ ဒါက သူ့အခွင့်အရေးပဲလေ။ ကျနော်တို့ကတော့ ဘယ်သူနဲ့မဆို စကားပြောမှာပါ။ ဘယ်ကစားသမားရဲ့ အခြေအနေကိုမဆို ကျနော်တို့ ပြုပြင်ပြောင်းလဲမှာပါ”
“လူကာကူလည်း အပါအဝင်ပဲပေါ့။ ဒီတော့ ဘာတွေဆက်ဖြစ်မလဲ၊ ဘယ်လိုအစီအစဥ်တွေရှိလဲ စောင့်ကြည့်ကြတာပေါ့” လို့ ပြောကြားသွားခဲ့ပါတယ်။ ချဲလ်ဆီးဟာ ဒီကနေ့ညမှာတော့ လီဗာပူးနဲ့ အက်ဖ်အေဖလားဗိုလ်လုပွဲအဖြစ် ဝင်ဘလေကွင်းမှာ ရင်ဆိုင်ကစားရမှာပါ။