ခီလီယန် အမ်ဘာပေဟာ ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲကို ရှုံးနိမ့်ခဲ့တာဖြစ်ကောင်းဖြစ်နိုင်ပေမယ့်လည်း ပီအက်စ်ဂျီအသင်းအတွက် လေ့ကျင့်ရေးပြန်ဆင်းနေပြီလို့ သိရပါတယ်။
ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ဗိုလ်လုပွဲဟာ ပွဲကစားချိန် မိနစ် ၈၀ လောက်အထိ အာဂျင်တီးနားအတွက် တော်တော်လေး လွယ်ကူနေခဲ့ပုံပေါ်ခဲ့ပြီး လီယွန်နယ် မက်ဆီနဲ့ ဒီ မာရီယာတို့ရဲ့ သွင်းဂိုးတွေကြောင့် တောင်အမေရိကအသင်းဟာ ပွဲကို ထိန်းချုပ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပွဲပြီးဆုံးဖို့ ၁၀ မိနစ်လောက်သာ လိုတော့တဲ့အချိန်မှာ အမ်ဘာပေဟာ ရုတ်တရက် အသက်ဝင်လာခဲ့ပြီး အချိန်ပိုအထိ ဆက်လက်ယှဉ်ပြိုင်ကစားရစေမယ့် ချေပဂိုး ၂ ဂိုးကို ဆက်တိုက်ဆိုသလို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။
မက်ဆီဟာ အချိန်ပို မိနစ် ၃၀ အတွင်းမှာ ဦးဆောင်ဂိုး ထပ်မံ သွင်းယူနိုင်ခဲ့ပေမယ့်လည်း အမ်ဘာပေဟာ ၅၆ နှစ်အတွင်း ဗိုလ်လုပွဲမှာ ဟက်ထရစ်သွင်းယူနိုင်တဲ့ ပထမဆုံးကစားသမားဖြစ်လာမယ့် သွင်းဂိုးကို ပင်နယ်တီကနေ သွင်းယူပြီး ချေပသွားခဲ့တာကြောင့် ပင်နယ်တီအဆုံးအဖြတ် ခံယူခဲ့ရတာဖြစ်ပါတယ်။ ပြင်သစ်တိုက်စစ်မှူးအတွက် စိတ်မကောင်းစရာကောင်းစွာနဲ့ပဲ ဟက်ထရစ်သွင်းဂိုးက အနိုင်ရရှိဖို့အတွက် မလုံလောက်ခဲ့ဘဲ အီမီလီယာနို မာတီနက်ဇ်က ပင်နယ်တီအဆုံးအဖြတ်မှာ သူရဲကောင်းဖြစ်သွားခဲ့တာဖြစ်ပါတယ်။
အမ်ဘာပေအနေနဲ့ ၂၀၁၈ တုန်းက ကမ္ဘာ့ဖလား ရရှိခဲ့ပြီးဖြစ်တာတောင်မှပဲ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့ပေမယ့်လည်း ကျရှုံးခဲ့ရတဲ့အတွက် အခန်းထဲမှာ တစ်ယောက်တည်း စိတ်ပျက်အားငယ်နေပြီး လူရှေ့သူရှေ့ အချိန်တစ်ခုအထိ ထွက်မလာခဲ့ဘူးဆိုရင်လည်း အားလုံး နားလည်ကြမှာဖြစ်ပါတယ်။ အမ်ဘာပေဟာ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရွှေဖိနပ်ဆုကို အနိုင်ရရှိခဲ့ပေမယ့်လည်း ကမ္ဘာ့ဖလားကြီးကို လက်တကမ်းအလိုမှ လက်လွှတ်လိုက်ရတဲ့အတွက် ဝမ်းနည်းကြေကွဲနေမှာဖြစ်ပြီး အီမီလီယာနို မာတီနက်ဇ်ကအစ အာဂျင်တီးနားပရိသတ်တွေအဆုံး လှောင်ပြောင်မှုတွေကိုလည်း ခံနေရတာကြောင့် စိတ်ခံစားချက်တွေက ပိုလို့တောင် ဆိုးရွားနေနိုင်တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း အံ့အားသင့်စရာကောင်းလောက်အောင်ပဲ အသက် ၂၄ နှစ်အရွယ် တိုက်စစ်မှူးဟာ အသည်းကွဲခဲ့တဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲအပြီး ၂ ရက်အကြာမှာပဲ ပီအက်စ်ဂျီအသင်းရဲ့ လေ့ကျင့်ရေးကွင်းကို ပြန်လည်ရောက်ရှိနေခဲ့ပြီးဖြစ်ပြီး သတင်းတွေအရ ပြင်သစ်တိုက်စစ်မှူးဟာ ကမ္ဘာ့ဖလားအပြီး နားရက် ၁၀ ရက်ပေးခြင်းခံထားရပေမယ့်လည်း နာကျင်မှုတွေကို လေ့ကျင့်ရေးက ချွေးစက်တွေအဖြစ် ပြောင်းလဲပစ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။